မိုင်းနောင်မြို့နယ်ခွဲတွင် RCSS/SSA မှ လူသစ်စုဆောင်းသည့်သတင်း မမှန်ကန်

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ကျေးသီးမြို့နယ် မိုင်းနောင်မြို့နယ်ခွဲတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော်မှ လူသစ်စုဆောင်းမှုများ ၊ ဆပ်ကြေးတောင်းခံမှုများ ပြုလုပ်နေသည်ဆိုသည့် သတင်းမှာ မှားယွင်းသည့်သတင်း မှန်ကန်မှုမရှိသည့်သတင်းဖြစ်ကြောင်း သိရှိရပါသည်။

မနေ့က ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် မားနဂါး (Marnagar-Multimedia News)မှ သျှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နယ်ခွဲ မိုင်းရဲကျေးရွာအုပ်စု ပန်ထွန်းကျေးရွာတွင် အမျိုးသမီး ၅ ဦး ၊ အမျိုးသား ၅ ဦး သွားရောက်ပို့ဆောင်ရမည်ဖြစ်ကြောင်း၊ အမျိုးသမီးလူငယ် ၊ အမျိုးသားလူငယ်စာရင်းပေးရမည် မပေးပါက တစ်းဦးလျှင် ဒဏ်ငွေ ၅ သောင်းကျပ် ထည့်သွင်းရမည်ဖြစ်ကြောင်း နှင့်  RCSS/SSA မှ နားလင်လိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးထံ အစည်းအဝေးပျက်ကွက်သည့်အနေ့ဖြင့် ဒဏ်ငွေ ၂၂၀၀၀၀ ကျပ် အောက်တိုဘာ ၁၉ ရက်နေ့ထား၍ ပို့ဆောင်‌‌ပေးရမည်ဖြစ်ကြောင်း စသည့်အကြောင်းများအား ကျေးရွာအုပ်ချုပ်ရေးမှူးထံ ပေးပို့သည့်စာစောင်ဟု ယူဆရသည့် စာစောင် ၂ စောင်နှင့်အတူ တင်ဆက်ဖော်ပြထားပါသည်။

အဆိုပါ စာစောင် ၂ စောင်အား ဘာသာပြန်ဆိုမည်ဆိုပါက နားလင်လိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးထံပေးပို့သည့်စာစောင်မှာ ကျွန်တော်တို့ နားလင်လိုင်ကျေးရွာအုပ်ချုပ်ရေးမှူး သည် အစည်းအဝေးပျက်ကွက်သဖြင့် ငွေ ၂၂၀၀၀၀ ကျပ် ၂ သိန်း(ဂဏန်းအားဖြင့် ၂ သိန်း ၂ သောင်းရေးထားပေမယ့် စာအားဖြင့် ၂ သိန်းသာရေးသားထား) ပေးဆောင်ရမည် ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့ လာရောက်ထည့်ဆောင်ရမည်ဖြစ်ကြောင်း အသိပေးအကြောင်းလာပါသည်ဟု ရေးသားထားပြီး မိုင်းရဲကျေးရွာအုပ်စုစားရေးဟု လက်မှတ်ရေးထိုးထားပါသည်။

ပန်ထွန်းကျေးရွာအုပ်ချုပ်ရေးမှူးထံပေးပို့သည့် စာစောင်မှာ ပန်ထွန်းကျေးရွာအုပ်ချုပ်ရေးမှုသည် အမျိုးသား ၊ အမျိုးသမီး စာရင်းပေးသွင်းခြင်းမရှိသောကြောင့် ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် လာရောက်ပေးသွင်းရမည် ပေးသွင်းခြင်းမရှိပါက ဒဏ်ငွေ ၅၀၀၀ ကျပ်ပေးဆောင်ရမည် အမျိုးသားစာရင်းအား ဟန်နားကျေးရွာရှိ အမျိုးသားခေါင်းဆောင် စိုင်းရာစိန် ထံထည့်သွင်းရမည် အမျိုးသမီးခေါင်းဆောင်စာရင်းအား ပန်ဖုန်း‌ကျေးရွာရှိ အမျိုးသမီးခေါင်းဆောင် ပါကျာနုထံ ထည့်သွင်းရမည်  ဆရာမရင်ထံလည်း ထည့်သွင်းနိုင်ကြောင်း ရေးသားထားပါသည်။

ဤကိစ္စနှင့် ပတ်သက်၍ မားနဂါးမှ တင်ပြထားသည့် သတင်းမှာ စာစောင်အား မှားမှားယွင်းယွင်း ဘာသာပြန်ရေးသားထားခြင်း ၊ စာစောင်တွင်းတွင်လည်း အမျိးသမီး ၅ ဦး ၊အမျိုးသား ၅ ဦး သွားရောက်ပို့ဆောင်ရမည်ဆိုသည့် စာသားမပါရှိခြင်း ၊ RCSS/SSA ထံမှ ပေးပို့သည့် စာစောင်ဟု အတည်ပြုနိုင်သည့် အမှတ်အသား (တံဆိပ်တုံး)မပါရှိခြင်း စသည့်အချက်များတွေကြောင့် မားနဂါး (Marnagar-Multimedia News)မှ မှားယွင်းသည့် သတင်းတင်ပြခြင်းဖြစ်ကြောင်း ၊ လုပ်ကြံသည့် သတင်းတင်ပြခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင်းတွင်လည်း သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်တွင် ဒေသခံပြည်သူများမှ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ /သျှမ်းပြည်တပ်မတော် RCSS/SSA နယ်မြေခံတပ်ရင်းထံ တိုင်ကြားချက်အရ RCSS/SSA အမည်အား အသုံးပြု၍ ဆက်ကြေးလိုက်လှံကောက်ခံနေသူအား ဖမ်းဆီးရမိသည့် ဖြစ်ရပ်များလည်း ဖြစ်ဖူးပြီဖြစ်ပါသည်။

Taifreedom

Facebook

သတင်း