မိုင်းတုံမြို့နယ်ရှိ RCSS/SSA တပ်စခန်းအား အစိုးရတပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်

ယနေ့ ၂၀၂၀ ခုနှစ် မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် RCSS/SSA ထိန်းချုပ်နယ်မြေ သျှမ်းပြည်ရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်အတွင်းရှိ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်စခန်းအား အစိုးရတပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့နံနက် ဒေသစံတော်ချိန် (၈:၂၀) အချိန်ခန့်တွင် အစိုးရတပ်မတော် အမှတ် (၅၁၉) ခြေမြန်တပ်ရင်း ၊ အမှတ် (၂၇၇)၊ အမှတ် (၂၂၅)  ခြေလျင်တပ်ရင်းတို့မှ အင်အား ၄၀ ဦးခန့်က မိုင်းတုံမြို့နယ် ဖါချယ်ကျေးရွာအုပ်စု ဖါချယ်ကျေးရွာမှတဆင့် မိုင်းအစ်ကျေးရွာအနီးရှိ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တပ်များ မိုင်းအစ်ကျေးရွာအနီး ဟိုနမ့်တောင်ကုန်းတွင် (၃၀) မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ အခန်း (၃) အပိုဒ် (၇) တွင် ထိပ်တိုက်ရင်ဆိုင်ပစ်ခတ်မှုကို ရှောင်ရှားနိုင်ရန်အတွက် နှစ်ဖက်တိုက်ရိုက် ထိတွေ့ရင်ဆိုင်မှုရှိသော နေရာများတွင် ထိတွေ့ပစ်ခတ်မှု မရှိစေရေးအတွက် စက်ဆက်သွယ်မှု၊ မြေပြင်ဆက်သွယ်မှုနှင့် အခြားဆက်သွယ်မှုနည်းလမ်းများ ရယူလျက် ချက်ချင်းဆောင်ရွက်ရန် ဟူသည့်အချက်အတိုင်း အစိုးရတပ်မတော်မှ RCSS/SSA ထိန်းချုပ်နယ်မြေအတွင်းသို့ လှုပ်ရှားသွားလာရာတွင် RCSS/SSA ဆက်ဆံရေးရုံးတာဝန်ရှိသူများအား ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ဝင်ရောက်လှုပ်ရှားမှုကြောင့် မလိုလားဘဲ တိုက်ပွဲဖြစ်ပွားခဲ့ရသည်။

ထိုတိုက်ပွဲတွင် တပ်မတော်ဘက်မှ ဒဏ်ရာရသူအနည်းငယ်ရှိခဲ့ပြီး နှစ်ဖက်တပ်၏ ထိခိုက်ကျဆုံးမှု အသေးစိတ်ကိုတော့ မသိရှိရသေးပါ။ အစိုးရတပ်မတော် အမှတ် (၅၁၉)  ခြေမြန်တပ်ရင်းအမှတ် နှင့် အမှတ် (၂၇၇) ၊ (၂၂၅) ခြေလျင်တပ်ရင်း တို့သည် မိုင်းတုံမြို့နယ်တွင် အခြေစိုက်ထားပြီး အမှတ်-၁၄ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၄) နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် (ကျိုင်းတုံ) လက်အောက်ခံတပ်ရင်းများဖြစ်ကြောင်း သတင်းရရှိသည်။

အလားတူစွာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ မတ်လ ၃ ရက်နေ့အထိ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် အစိုးရ တပ်မတော်တို့ သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်၊ ကျေးသီး နှင့် မိုင်းနောင်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လွယ်တောင်းတောင်ကြောတစ်လျှောက်ရှိ RCSS/SSA တပ်စခန်းများ ဆုတ်ခွာပေးခဲ့ရကာ ထိုတိုက်ပွဲကြောင့် ဒေသခံလူထု ရာနှင့်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း