မိုင်းကိုင်မြို့နယ်တွင် SSPP တပ်ဖွဲ့ဦးဆောင်ပြီး တပ်သားသစ် နှင့် ဆက်ကြေးငွေများကောက်ခံ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် ဟိုနားကျေးရွာအုပ်စုရှိ ကျေးရွာများတွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်ဖွဲ့ဦးဆောင်သည့် တပ်ပေါင်းစုတို့မှ တပ်သားသစ်နှင့်တကွ ဆက်ကြေးများ ကောက်ခံလျက်ရှိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မိုင်းကိုင်မြို့နယ် ဟိုနားကျေးရွာအုပ်စုအတွင်းရှိ  နားတီးကျေးရွာ၊ ဟွေနွဲ့ကျေးရွာ၊ ကွန်နားကျေးရွာနှင့် ဝိန်းငင်းကျေးရွာတွင် တစ်ရွာလျှင် တပ်သားသစ် ၁ ဦးနှင့် ဆက်ကြေးငွေကျပ် (၇၈) သိန်း၊ ဟိုနားကျေးရွာ၊ ဝမ်ကောင်းကျေးရွာနှင့် ပန်မိုက်ဟုန်းကျေးရွာတွင် တပ်သားသစ် ၁ ဦးနှင့် ဆက်ကြေးငွေကျပ် (၃၉) သိန်း၊ လွယ်ဆိုင်းကျေးရွာတွင် တပ်သားသစ် ၁ ဦးနှင့် ဆက်ကြေးငွေကျပ် (၂၄) သိန်း၊ ဟွေစစ်ကျေးရွာတွင် တပ်သားသစ် ၁ ဦးနှင့် ဆက်ကြေးငွေကျပ် (၂၂) သိန်းဖြင့်လည်းကောင်း ယခုလအကုန်တွင် တပ်ပေါင်းစုတို့ထံ ပေးဆောင်ရမည်ဟု ဒေသခံပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရပါသည်။

၎င်းမှ ဆက်လက်၍ ယခုပတ်အတောအတွင်း တပ်ပေါင်းစုတို့သည် မိုင်းကိုင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးများ ဆင့်ခေါ်၍ အစည်းအဝေးပြုလုပ်ကာ ဆက်ကြေးငွေများကောက်ခံခြင်း၊ တပ်သားသစ်များ လိုက်လံစုဆောင်းခြင်း စသည့် လုပ်ဆောင်ချက်များ ပြုလုပ်လျက်ရှိပြီး သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်၊ နမ်လန်မြို့နယ်တွင်လည်း တပ်သားသစ်များ စုဆောင်းနေသည့်အပြင် လကုန်မှ ပေးဆောင်နိုင်ခြင်းမရှိသောကျေးရွာတွင် ကျေးရွာတွင်းရှိပြည်သူများအား လိုက်လံဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ပြောပြခဲ့ပါသည်။

၂၀၂၂ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့ ည ၁၁:၀၀ နာရီ ဟိုပုံးမြို့နယ် မိုင်းပျဉ်းကျေးရွာအုပ်စုတွင်လည်း တပ်ပေါင်းစုမှ အပြစ်မဲ့ပြည်သူဖြစ်သည့် ဆော်တော့ကျေးရွာတွင် နေထိုင်သည့် စိုင်းမိုင်၊ စိုင်းနော် နှင့်အတူ ကွန်ကုန်းကျေးရွာတွင် နေထိုင်သည့် စိုင်းအန်  စုစုပေါင်း (၃) ဦးကို အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရပါသည်။

Taifreedom

Facebook

သတင်း