မန့်မိုင်ကျေးရွာတွင်းရှိ နေအိမ်တစ်လုံးတွင် အကြောင်းအရင်းမသိ မီးလောင်မှုဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် မန့်မိုင်ကျေးရွာတွင်းရှိနေအိမ်တစ်လုံးအား မီးလောင်မှုဖြစ်ပွားပြီး သျှမ်းလူငယ်အဖွဲ့အစည်း ၊ သျှမ်းစာပေနှင့် ယဥ်ကျေးမှုအသင်း ၊ သံဃာတော်များမှ ငွေ ၊ စားသောက်ကုန် နှင့် အသုံးအဆောင်ပစ္စည်းများဖြင့် သွားရောက်လှူဒါန်းကူညီခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မေလ ၁၆ ရက်နေ့တွင် သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် မန့်မိုင်ကျေးရွာနေထိုင်သည့် နိုင်းမိုင်ခမ်းနေအိမ်သည် အိမ်သူအိမ်သားများ အလုပ်သွားခိုက်တွင် မီးလောင်မှုဖြစ်ပွားရာ မော်တော်ဆိုင်ကယ်တစ်စီး နှင့်အတူ အိမ်အသုံးအဆောင်ပစ္စည်းအားလုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး  မီးလောင်မှုသည် မိနစ် ၃၀ ခန့်ကြာဖြစ်ပွားပြီး မီးသတ်တပ်ဖွဲ့မှ မီးသတ်ကား ၃ စီးဖြင့် မီးငြိမ်းသည်အထိ လာရောက်ငြိမ်းသတ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ နိုင်းမိုင်ခမ်းနေအိမ်တွင် ၎င်း၏သားဖြစ်သူ နှင့် တူဖြစ်သူတို့အတူ နေထိုင်ကြပြီး ၎င်းနေအိမ်တွင် လျှပ်စစ်မီးမရရှိသေးသော်လည်း ဆိုလာ(Solar)ပြားဖြင့် လျှပ်စစ်မီးသုံးဆောင်မှုရှိပြီး မီးလောင်သည့်အကြောင်းအရင်းအား စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

မီးလောင်မှုဖြစ်ပွားပြီး ၂၀၂၀ ခုနှစ် မေလ ၁၇ ရက်နေ့တွင် သျှမ်းလူငယ်အသင်း မှ ငွေ ၁သိန်း၆သောင်းကျပ် ၊ ပန်ဆိုင်းမြို့နယ် သျှမ်းစာပေနှင့် ယဥ်ကျေးမှုအသင်းမှ ငွေ ၁ သိန်းကျပ် နှင့် ပန်ဆိုင်းမြို့ အောင်မဂႅလာပရိယတ္တိစာသင်တိုက်တွင် သီတင်းသုံးနေသည့် သံဃာတော်များမှ ဆန် ၁ အိတ် နှင့် အသုံးအဆောင်ပစ္စည်းများဖြင့် မီးလောင်မှုဖြစ်ပွားသည့် အိမ်ရှင်ထံ လှူဒါန်းကူညီပြီး သြဝါဒအားပေးစကား ဟောကြားခဲ့ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မေလ ၃ ရက်နေ့တွင်လည်း သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် ဝမ်လောကျေးရွာအုပ်စု ဟိုပန်ကျေးရွာတွင် ဖုန်းအား ဆိုလာပြား(Solar)နှင့် တိုက်ရိုက်အားသွင်းမှုကြောင့် နေအိမ်မီးလောင်ရှုံးဆုံးမှုဖြစ်ပွားပြီဖြစ်သည်။

Taifreedom

Facebook

သတင်း