ဗိုလ်မိုးဟိန်း ခေါ်  စဝ်ကွဏ်းဇိဏ်းကွယ်လွန်ခြင်း နှစ် (၃၀) ပြည့်ခဲ့ပြီ

ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့သည် သျှမ်းတော်လှန်ရေးအတွက် အဓိကပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဗိုလ်မိုးဟိန်း ခေါ်  စဝ်ကွဏ်းဇိဏ်း ကွယ်လွန်သွားတာ နှစ် (၃၀) ပြည့်ခဲ့ပြီ ဖြစ်သည်။

၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့မှာ ကျရောက်တဲ့ Shan United Revolutionary Army (SURA) တပ်ဖွဲ့တည်ထောင်သူ ဗိုလ်မိုးဟိန်း ခေါ် စဝ်ကွဏ်းဇိဏ်း ကွယ်လွန်ခြင်း နှစ် (၃၀) ပြည့်ကို ယခင်နှစ်များအတိုင်း အောက်မေ့ခြင်းအခမ်းအနားကို ခမ်းခမ်းနားနားမကျင်းပနိုင်တော့ပေ။

ဇူလိုင်လ ၁၁ ရက်နေ့ ကျရောက်တိုင်း ၄င်း၏ ဂူဗိမာန်ရှိရာ လတ်တိုင်ကျေးရွာ သျှမ်း-ထိုင်းနယ်စပ်တွင် အောက်မေ့ခြင်း အခမ်းအနားကို ခမ်းခမ်းခမ်းနားနား နှစ်စဉ်ကျင်းပလာခဲ့ရာ သျှမ်းတော်လှန်ရေးခေါင်းဆောင် အရာရှိကြီးများ၊ သျှမ်းနိုင်ငံရေး ခေါင်းဆောင်များ၊ SURA အဖွဲ့ဝင်ဟောင်းများ နှင့် မိသားစုဝင်များ တက်ရောက်ကာ ပန်းခွေချအလေးပြုကြသည်။

သို့သော်ယခု ၂၀၂၁ ခုနှစ်တွင် COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် ယခင်နှစ်များအတိုင်း အခမ်းအနားဖြင့် မကျင်းပနိုင်တော့ဘဲ မိသားစုဝင်များက စဝ်ကွဏ်းဇိဏ်း၏ နေအိမ် လတ်တိုင်ကျေးရွာတွင် အကျဉ်းချုံးပြုလုပ်၍ ဆွမ်းကပ် ရေစက်ချလှူဒါန်းခဲ့ကြသည်။

စဝ်ကွဏ်းဇိဏ်း အတ္ထုပ္ပတ္တိ အကျဉ်းချုပ်

ဗိုလ်မိုးဟိန်း ခေါ် စဝ်ကွဏ်းဇိဏ်းသည် ၁၉၂၆ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် တောင်ကြီးခရိုင် ဟိုပုံးမြို့နယ် လက်သက်ကျေးရွာအုပ်စု ထနော့ကျေးရွာ၌ ဖွားမြင်သည်။ ဖခင်မှာ လုံးစာကထို့  မိခင်မှာ ပါချုံတို့ဖြစ်ကြပြီး မွေးချင်း ၁၂ ယောက်ရှိသည့်အနက် စဝ်ကွဏ်းဇိဏ်းမှာ သုံးယောက်မြောက်ဖြစ်သည်။ ငယ်နာမည်ကို စိုင်းခိန် လို့ခေါ်ပြီး ဆယ်ကျော်သက်အရွယ်မှာ လက်တက်ကျေးရွာအုပ်စု မတ်လန်းဘုန်းတော်ကြီးကျောင်းမှာ တက်ရောက်ပညာသင်ကြားရာ သျှမ်းစာပေ၊ ပအိုဝ်းစာပေ နှင့် ဗမာစာပေတို့၌ ထူးချွန်သည်။

စဝ်ကွဏ်းဇိဏ်း နှင့် သျှမ်းတော်လှန်ရေး

၁၉၅၂ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ Communist Party of Burma (CPB) ဦးဆောင်၍ ဖဆပလခေတ် ပဒေသရာဇ်စနစ်ကို ဆန့်ကျင်တော်လှန်ရာ ဗိုလ်မိုးဟိန်း ခေါ် စဝ်ကွဏ်းဇိဏ်းလည်း ဗမာပြည်ကွန်မြူနစ်ပါတီထဲ ဝင်ရောက်ပြီး သျှမ်းပြည်တောင်ပိုင်းတွင် လှုပ်ရှားခဲ့သည်။ နောင်တွင် ပါတီနှင့်ဝါဒကွဲပြား၍ ၁၉၅၉ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် လမ်းခွဲခဲ့သည်။

ထို့နောက် ၁၉၅၈ ခုနှစ် မေလ ၂၁ ရက်နေ့တွင် သျှမ်းရှေ့မိုင်းတုံမြို့နယ်တွင် စဝ်နွဲ့  ခေါ် စောယန္တ ဖွဲ့စည်းသည့် နွံစစ်ဟန် တော်လှန်ရေးတပ်ဖွဲ့ထဲသို့ ဝင်ရောက်ပူးပေါင်းခဲ့သည်။

ဗိုလ်မိုးဟိန်း ခေါ်  စဝ်ကွဏ်းဇိဏ်း နွံစစ်ဟန်တပ်ဖွဲ့ထဲ အမှုထမ်းနေချိန် ၁၉၅၉ ခုနှစ် စက်တင်ဘာလတွင် မြန်မာစစ်တပ်နှင့် ဟွေအော့တွင် တိုက်ပွဲဖြစ်ပွားပြီး ဘယ်ဘက်လက်ကိုကျည်ထိမှန်သောကြောင့် ထိုတိုက်ပွဲတွင် စဝ်ကွဏ်းဇိဏ်းလက်တစ်ဖက် ဆုံးရှုံးလိုက်ရသည်။

၁၉၆၀ ခုနှစ်တွင် နွံစစ်ဟန်တပ်ဖွဲ့တွင်း အမြင်ချင်းမတူသောကြောင့် တပ်ဖွဲ့ငယ်များအဖြစ် အကွဲကွဲအပြားပြား ဖြစ်ခဲ့ရသည်။ ၁၉၆၁ ခုနှစ်တွင် ဗိုလ်မိုးဟိန်း ခေါ် စဝ်ကွဏ်းဇိဏ်း ဦးဆောင်၍ SNUF- Shan National United Front ဟု သီးခြားတပ်ဖွဲ့  ဖွဲ့စည်းခဲ့ပြီး သျှမ်းပြည်စည်းလုံးညီညွတ်ရေးကို ရှေးရှု၍ အခြားတပ်ဖွဲ့များဖြင့် ပူး‌ပေါင်းကာ SSRC ကို ထူထောင်ဖွဲ့စည်းခဲ့သည်။

၁၉၆၄ ခုနှစ်တွင် မဟာဒေဝီ စဝ်နန်းဟိန်းခမ်း ဦးဆောင်ဖွဲ့စည်းသည့် Shan State Independence Army (SSIA) အဖွဲ့နှင့် ပူးပေါင်းကာ Shan State Army (SSA) ကို တည်ထောင်ဖွဲ့စည်းခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် Shan State Army (SSA)  မဏ္ဍိုင်ဖြစ်သည့် (၁) လွတ်လပ်ရေး (၂) စည်းလုံးညီညွတ်ရေး (၃) ဒီမိုကရေစီ ဟူသည့် မဏ္ဍိုင်အတိုင်း အခြားသော တော်လှန်ရေးအဖွဲ့များကို ကမ်းလှမ်းကာ သျှမ်းပြည်နယ်လုံးဆိုင်ရာ တော်လှန်ရေးအဖွဲ့ ဖွဲ့စည်းရန်ကြိုးပမ်းခဲ့သည်။

၁၉၆၈ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီက တရုတ်ကွန်မြူနစ်ပါတီထံမှ အကူအညီရယူပြီး သျှမ်းပြည်အပေါ် နိုင်ငံရေးသြဇာလွှမ်းမိုးထားရာ ကြိုးပမ်းနေသည့် ပြည်နယ်လုံးဆိုင်ရာတော်လှန်ရေးအဖွဲ့လည်း ထင်သလို ခရီးမရောက်ခဲ့၍ Shan State Army (SSA)  နှင့် လမ်းခွဲပြန်သည်။

ဗိုလ်မိုးဟိန်း ခေါ်  စဝ်ကွဏ်းဇိဏ်းကွယ်လွန်ခြင်း နှစ် (၃၀) ပြည့်ခဲ့ပြီ
စဝ်ကွဏ်းဇိဏ်း နှင့် ခွန်ဆာ

၁၉၆၉ ခုနှစ် ဇန်နဝါရီလတွင် သျှမ်း-ထိုင်းနယ်စပ်ဒေသ ပိန်းလုံကျေးရွာတွင်အခြေစိုက်၍ ရှမ်းပြည်နယ်တပ်ပေါင်းစု တော်လှန်ရေးတပ်မတော် SURA တပ်ဖွဲ့ကို (၁) ကွန်မြူနစ်စနစ်ဆန့်ကျင်ရေး (၂) လွတ်လပ်ရေး (၃) ဒီမိုကရေစီ (၄) စည်းလုံးညီညွတ်‌ရေး (၅) ငြိမ်းချမ်းရေး စသည့်မဏ္ဍိုင် (၅) ရပ်ဖြင့် ဖွဲ့စည်းခဲ့သည်။

ထိုင်းနယ်စပ်၌ အင်အားကြီးထွားလာသည့် ဗိုလ်မိုးဟိန်း ခေါ် စဝ်ကွဏ်းဇိဏ်းအဖွဲ့နှင့် Shan State Army (SSA)   တောင်ပိုင်းမှ ဗိုလ်မှူးကြီးစမ်မိုင် ဦးစီးအင်အား ၅၀၀ ခန့်သည် ၁၉၈၃ ခုနှစ်တွင် ပူးပေါင်း၍ TRC/TRA- Tai Revolutionary Council/ Tai Revolutionary Army ကို ဖွဲ့စည်းခဲ့သည်။

၄င်းနောက် ၁၉၈၅ ခုနှစ် မတ်လ ၃ ရက်နေ့၌ TRC/TRA နှင့် ခွန်ဆာဦးဆောင်သည့် Shan United Army (SUA) အဖွဲ့တို့ ပူးပေါင်းပြီး Tai Revolutionary Council (TRC) မှ Shan State Restoration Council (SSRC) အဖြစ်သို့လည်းကောင်း Tai Revolutionary Army (TRA) ကို Mong Tai Army (MTA) အဖြစ်သို့လည်းကောင်း ပြောင်းလဲခေါ်ဝေါ်ပြီး ဗိုလ်မိုးဟိန်း ခေါ် စဝ်ကွဏ်းဇိဏ်းက ဥက္ကဋ္ဌကြီး ၊ ခွန်ဆာက စစ်ဦးစီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

Shan State Restoration Council/Mong Tai Army (SSRC/MTA) တွင် ဥက္ကဋ္ဌကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ၁၉၉၁ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် သျှမ်း-ထိုင်းနယ်စပ် လတ်တိုင်ကျေးရွာနေအိမ်တွင် ဗိုလ်မိုးဟိန်း ခေါ် စဝ်ကွဏ်းဇိဏ်းသည် လည်ချောင်းကင်ဆာဖြင့် ကွယ်လွန်သွားခဲ့ပါသည်။

Taifreedom

Facebook

သတင်း