ဖမ်းဆီးရမိ သည့် SSPP တပ်ဖွဲ့ဝင်အား RCSS မှ လွတ်မြောက်ခွင့်ပေး

သျှမ်းပြည်မြောက်ပိုင်းတွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့၏ တပ်ပေါင်းစုများနှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် ဖမ်းဆီးရမိသည့် SSPP တပ်ပေါင်းစုတို့၏ တပ်ဖွဲ့ဝင်များအား ယနေ့မွန်းလွဲပိုင်းတွင် လွတ်မြောက်ခွင့်ပေးပြီး သက်ဆိုင်ရာ မိဘဆွေမျိုးများနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

၂၀၂၂ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်‌ရေးကောင်စီ (RCSS/SSA)၏ ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်း၌ ထိန်းသိမ်းထားသော SSPP တပ်ပေါင်းစုတို့၏ တပ်ဖွဲ့ဝင်များဖြစ်သည့် ကျောက်မဲမြို့နယ် လွယ်ခေါ်ကျေးရွာအုပ်စုတွင် နေထိုင်သော လုံးဝိရိယ  ၊ နမ္မတူမြို့နယ် ဆိုင်ခေါင်ကျေးရွာအုပ်စုတွင် နေထိုင်သော လုံးခေးမိုင် ၊ ရှောင်းဆာကျေးရွာအုပ်စု ရေအိုးကျေးရွာတွင် နေထိုင်သော ဦးကြာယုံ နှင့် သားဖြစ်သူ မောင်နေလင်းဦး ၊ မောင်နေလင်းစွာတို့အား လွတ်မြောက်ခွင့်ပေးခဲ့ပြီး သက်ဆိုင်ရာ မိဘဆွေမျိုးများထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

ထိုနောက် လွတ်မြောက်ခွင့်ရရှိသောသူများ၊ သက်ဆိုင်ရာ မိဘဆွေမျိုးများ နှင့် RCSS/SSA ၏ တာဝန်ရှိပုဂ္ဂိုလ်များတို့ တွေ့ဆုံခဲ့ကြပြီး RCSS/SSA၏ တာဝန်ရှိပုဂ္ဂိုလ်များမှ အမှာစကား ပြောကြားခဲ့ကြောင်း  လွတ်မြောက်ခွင့် ရရှိသောသူတို့၏ မိဘဆွေမျိုးများအား လွယ်တိုင်းလျဲန်းသို့ ဖိတ်ခေါ်ရသည့် အကြောင်းအရင်းများ၊ သျှမ်းပြည်တိုင်းရင်းသားအချင်းချင်း တိုက်ပွဲဖြစ်ခဲ့ရ သည်မှာလည်း ရန်သူတွေရဲ့ ပရိယာယ်ပိုင်းမျှသာဖြစ်ကြောင်း ရှင်းပြ ပြောကြားခဲ့ပါသည်။

၂၀၂၂ ခုနှစ် မတ်လ နှင့် ဧပြီလထဲမှာလည်း သျှမ်းပြည်မြောက်ပိုင်းတွင်ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ဖမ်းဆီးခံရသည့် တပ်ပေါင်းစုတို့၏ တပ်ဖွဲ့ဝင်များ စုစုပေါင်း ၁၅ ဦးအား လွတ်မြောက်ခွင့် ပေးခဲ့ပါသည်။

သျှမ်းပြည်ပြန်လည်ထူထောင်‌ရေးကောင်စီ (RCSS/SSA)သည် တိုက်ပွဲများအတွင်း ဖမ်းဆီးရမိသူများကို ဘေးကင်းလုံခြုံစွာ ထိန်းသိမ်းစောင့်ရှောက်ထားပြီး နိုင်ငံတကာကျင့်သုံးသည့် စစ်သုံးပန်းများအပေါ် ပြုကျင့်ရမည့် ဝတ်တရားနှင့်အညီ လိုက်နာဆောင်ရွက်သည့်အပြင် စိတ်ပိုင်းဆိုင်ရာ ကုသမှုများ၊ ကိုယ်ပိုင်းဆိုင်ရာ ကုသမှုများလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

Taifreedom

Facebook

သတင်း