သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပေါ်လစီအရလည်းကောင်း၊ ပြည်နယ်အဆင့် အပစ်ရပ်စဲရေး ၁၀ နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့်လည်းကောင်း သျှမ်းပြည်တပ်မတော် RCSS/SSA မှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို ဌာနချုပ် လွယ်တိုင်းလျဲန်း၊ အမှတ် (၁) စစ်ဒေသနှင့် တပ်မဟာ (၇၀၇) နယ်မြေများတွင် မီးရှို့ဖျက်ဆီးခဲ့သည်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့ မွန်းလွှဲ ၂:၄၅ အချိန်မှစ၍ RCSS/SSA ဌာနချုပ် လွယ်တိုင်းလျဲန်းတွင် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများမီးရှို့ဖျက်ဆီးပွဲအခမ်းအနားကို သံဃာတော်များ၊ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်၊ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ခေးငင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တပ်ဖွဲ့ဝင်များ၊ ကျောင်းသား/သူများ နှင့် မိဘပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဗိုလ်ချုပ်ကြီး ယွက်စစ်၊ သံဃာတော်များနှင့် တာဝန်ရှိသူများက အမှာစကားပြောကြားပြီးနောက် မွန်းလွှဲ ၃:၂၅ အချိန်တွင် ဖမ်းဆီးရမိသည့် ယာဘစိတ်ကြွရူးသွပ်ဆေးပြား ၄၀၀,၀၀၀ ပြားကို မီးရှို့ဖျက်ဆီးခဲ့သည်။
အမှတ် (၁) စစ်ဒေသတွင်လည်း RCSS/SSA တပ်မဟာ (၈) တပ်ရင်း (၁၀၈) မှ ဒုတပ်ရင်းမှူး ဦးဆောင်၍ ဖမ်းဆီးရမိသည့် ယာဘစိတ်ကြွရူးသွပ်ဆေးပြား ၃၆,၂၇၉ ပြားကို အခမ်းအနားဖြင့် မီးရှို့ဖျက်ဆီးခဲ့ရာ သံဃာတော်များနှင့် ရပ်မိရပ်ဖများ စုစုပေါင်း ၁၀၀ ကျော်က အသိသက်သေအဖြစ် အခမ်းအနားတက်ရောက် ခဲ့ကြသည်။
ယနေ့နံနက် ၉ နာရီအချိန်ခန့်တွင်လည်း တပ်မဟာ (၇၀၇) နယ်မြေတစ်နေရာ၌ ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြား ၇၀၀,၆၉၅ ပြား၊ ဘိန်းညိုမှုန့် ၃၀၄ ကီလိုဂရမ်၊ အက်ဆစ် ၄၃,၅၆၀ လီတာ၊ ဆိုဒါမှုန့် ၃၆,၀၀၀ ကီလိုဂရမ်တို့ကို သံဃာတော်များ နှင့်ရပ်မိရပ်ဖများရှေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြသည်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့မှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့အထိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နှင့် အစိုးရအကြား ပြည်နယ်အဆင့် နှစ်ဖက်အပစ်ရပ်သဘောတူစာချုပ် ချုပ်ဆိုခဲ့သည့် ၁၀ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ယခုလို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အနေဖြင့် မူးယစ်ဆေးဝါးများ အမှန်တကယ် ပပျောက်သွားစေရန်အတွက် ဒေသခံမိဘပြည်သူများနှင့်လက်တွဲပြီး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။
Taifreedom