ဖမ်းဆီးခံနမ့်လန်ဒေသခံတစ်ဦး SSPP လက်ထဲတွင်သေဆုံး

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ် နမ့်လန်မြို့နယ်ခွဲ မန်ကျောင်းကျေးရွာနေ အပြစ်မဲ့ အမျိုးသားတစ်ဦးကို ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့က ဖမ်းဆီးထားစဉ် သေဆုံးသွားပြီး မိသားစုဝင်များကိုလည်း အကြောင်းကြားခြင်းမရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ၂၀၂၁ ခုနှစ် သြဂုတ်လ ၂ ရက်နေ့တွင် SSPP/SSA တပ်သားများသည် နမ့်လန်မြို့နယ် ဆီထောက်ကျေးရွာအုပ်စု မန်ကျောင်းကျေးရွာ တွင်းသို့ ဝင်ရောက်လှုပ်ရှားပြီး လယ်တောတွင် အလုပ်လုပ်နေသည့် မန်ကျောင်းဒေသခံ စိုင်းအိုးကို အင်းအဆောင်ပစ္စည်းများ ဆောင်ထား၍ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်သားဟု တစ်ဖက်သတ် စွပ်စွဲကာ နားစလောင်းကျေးရွာဘက်သို့ ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ထိုသို့ဖမ်းဆီးသွားစဉ် သြဂုတ်လ ၃ ရက်နေ့၌ စိုင်းအိုးကို သီပေါမြို့နယ် နားမခေါ်ကျေးရွာအုပ်စု မန်ပန်ကျေးရွာသို့ ပြောင်းရွှေ့ဖမ်းဆီးချုပ်နှောင်ထားပြီး ရိုက်နှက်စစ်ဆေးခြင်းကို ခံခဲ့ရကြောင်း သိရှိရသည်။

ရက်ကြာသည်အထိ ပြန်လွှတ်ပေးခြင်းမရှိသောကြောင့် မိသားစုဝင်များ မန်ပန်ကျေးရွာရှိ SSPP/SSA တာဝန်ရှိသူထံ သွားရောက်မေးမြန်းရာ SSPP/SSA တာဝန်ရှိသူတစ်ဦးက စိုင်းအိုးမိသားစုဝင်များကို SSPP တွင် တရားဉပဒေနှင့် တရားမျှတမှုရှိ၍ စိတ်မပူကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

စိတ်မပူရန်ပြောသော်လည်း သြဂုတ်လ ၁၄ ရက်နေ့အထိ ပြန်လွှတ်မပေးသေး၍ မန်ကျောင်းကျေးရွာလူကြီးများနှင့် မိသားစုဝင်များက မန်ပန်ကျေးရွာသို့ နောက်တစ်ခေါက်အကျိုးအကြောင်းသွားရောက်စုံစမ်းရာ SSPP/SSA တာဝန်ရှိသူက စိုင်းအိုးဆုံးသွားပြီဟု တစ်ခွန်းတည်းသာ ပြန်ပြောခဲ့သည်ဟု ဆိုသည်။

ရက်အတန်ကြာမှ ရိုက်နှက်စစ်ဆေးခံရသည့် ဒဏ်ရာဖြင့် သြဂုတ်လ ၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် စိုင်းအိုး သေဆုံးသွားသည်ကို သိရှိရကြောင်း ဒေသခံများက ဆိုသည်။

အမည်အဖော်လိုသူ ဒေသခံတစ်ဦးက – သူ့(စိုင်းအိုး)ကို SSPP/SSA အဖွဲ့က မန်ပန်ဘက်ကို ဖမ်းသွားတယ်လို့ကြားတယ်၊ အဲ့နောက်တော့ သေလားရှင်လား မသိရဘူး၊ အဆက်အသွယ်လဲပြတ်သွားတယ်၊ နောက်ရက်တော့ သူ့မိသားစုဝင် တွေက မန်ပန်မှာရှိတဲ့ စဝ်ထီးလိန် SSPP/SSA တာဝန်ရှိသူဆီသွားမေးတာ စိတ်မပူဖို့ဘဲ ပြန်ပြောလာတယ်၊ လူလဲမတွေ့ရဘူး၊ နောက်ပိုင်းမှ သူဆုံးသွားပြီလို့ သိရတာ၊ ကျွန်တော်တို့လဲ တကယ်ကို စိတ်မကောင်းဖြစ်မိတယ်၊ အလောင်းလဲ ပြန်မရဘူး ဟု ပြောကြားခဲ့သည်။

SSPP/SSA ဖမ်းဆီးခံထားစဉ် သေဆုံးသွားသည့် စိုင်းအိုးမှာ နမ့်လန်မြို့နယ် ဆီထောက်ကျေးရွာအုပ်စု မန်ကျောင်းကျေးရွာနေ လုံးစိုင်းမောင်+ပါစန်းရင် တို့၏ သားဖြစ်ပြီး တောင်ယာလုပ်ငန်းကိုသာ တစ်စိုက်မတ်မတ်လုပ်ကိုင်ခဲ့သူဖြစ်ပြီး လက်နက်ကိုင်အဖွဲ့များနှင့်လည်း လုံးဝပတ်သက်ခြင်းမရှိကြောင်း၊ ကွယ်လွန်ချိန်မှာ သားသမီး သုံးယောက် ကျန်ရစ်ကြောင်း သိရသည်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလ ၃၁ ရက်နေ့မှ ဇွန်လ ၂၇ ရက်နေ့အထိ သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ သျှမ်းလူငယ်အဖွဲ့အစည်း (Tai Youth Organization) ဒု-ဥက္ကဋ္ဌ လုံးစံခမ်းအိုက်ကို ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) အဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားစဉ် သေဆုံးသွားခဲ့သည်။

ထို့ကြောင့် နမ့်ခမ်းမြို့နယ် မန့်ဆွမ်းကျေးရွာဒေသခံများနှင့် နမ့်ခမ်းမြို့ဒေသခံ ထောင်နှင့်ချီကာ အလောင်းကို ပြန်ပေးရန်၊ ၎င်းသေဆုံးသည့် ဖြစ်စဉ်ကို ရှင်း လင်းပေးရန် နှင့် SSPP/SSA တပ်ဖွဲ့များ ဆုတ်ခွာပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

Taifreedom

Facebook

သတင်း