ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရာမှာ အားလုံးစုစည်းပူးပေါင်းလုပ်ဆောင်မှသာ လိုရာပန်းတိုင်သို့ ရောက်မည်

JICM အစည်းအဝေးကျင်းပနိုင်ရေး နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှေ့ဆက်နိုင်ရေးကိစ္စရပ်များအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တောင်လှန်ရေးအဖွဲ့ ၁၀ ဖွဲ့တို့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို ယနေ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပလျှက်ရှိသည်။

ယခု PPST  အစည်းအဝေးတွင် အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားသည့်အဖွဲ့ ၁၀ ဖွဲ့တို့သည် အပစ်ရပ်စာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကျင်းပနိုင်ရေး ၊ EAO စုဖွဲ့မှုနှင့် ပတ်သက်သည့် လုပ်ငန်းလမ်းညွှန်များကို ဆွေးနွေးအတည်ပြုသွားရန် နှင့် လက်ရှိဖြစ်ပေါ်နေသည့် ပြည်ထောင်စုနှင့် ကမ္ဘာ့ရေးရာများ ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှေ့ဆက်သွားနိုင်ရေးကိစ္စရပ်များကို အဓိကထား ဆွေးနွေးသွားမှာ ဖြစ်ကြောင်း သိရသည်။

အစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ၏ ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် (သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ) မှ အဖွင့်မိန့်ခွန်းပြောကြားရာတွင် – “ငြိမ်းချမ်းရေးဟာ မိမိတို့ EAO အပါအဝင် အားလုံးအတွက် အရေးပါလို့ မိမိတို့ဟာ NCA ကို လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ် ၊ ဒီလို ကြိုးပမ်းဆောင်ရွက်ရာမှာ အားလုံးစုစုစည်းစည်းနဲ့ ဆောင်ရွက်မှသာ လိုရာပန်းတိုင်ကို ရောက်ရှိမှာ ဖြစ်ပါတယ်” ဟု မိန့်ခွန်းစကားတွင် ပြောကြားခဲ့သည်။

ထို့ပြင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြည်တွင်းစစ်ဖြစ်ပွားရာ တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေးချိုးဖောက် မှုတွေကို ဒေသခံတိုင်းရင်းသား ပြည်သူတွေက နှစ်ပေါင်းများစွာ ခါးစည်းခံခဲ့ရတာတွေကို ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ပြီး ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာဝပြော တိုးတက်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းအားဖြင့် ပြန်လည်ကုစားပေးရမှာ ဖြစ်ကြောင်းပြောကြားခဲ့သည်။ PPST အစည်းအဝေးကို ဒီဇင်ဘာလ ၂ ရက်မှ ၄ ရက်နေ့အထိ ၃ ရက်တာကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Facebook

သတင်း