အင်္ဂလိပ်ထံမှလွတ်လပ်ရေးရရှိခဲ့သော ၁၉၄၈ ခုနှစ်မှစတင်၍ ယနေ့ပစ္စုပ္ပန်ကာလ အထိ ပြည်ထောင်စုမြန်မာနိုင်ငံသည် တကြိမ်တခါမျှတည်ငြိမ်အေးချမ်းခဲ့သည်ဟူ၍ မရှိခဲ့ဖူးပေ။ ပြည်တွင်းစစ်များ၊ ဆူပူသောင်းကျန်းမှုများ၊ ဆင်းရဲငတ်ပြတ်မှုများ၊ တိုင်းရင်းသား ပဋိပက္ခများ၊ ဘာသာရေးအဓိကရုဏ်းများ၊ လူ့အခွင့်အရေးချိူးဖေါက်မှုများ၊ ခိုးဆိုးလု ယက်တိုက်ခိုက်မှုများ၊ နိုင်ငံရေးအုံကြွဆန္ဒပြမှုများ၊ အရေးအခင်းဖြိုခွင်း သတ်ဖြတ်ထောင်ချမှုများဖြင့် ပြည်ထောင်စုနိုင်ငံကြီးသည် စက္ကန့်မလပ်အောင် အပူမီးများထတောက်နေခဲ့ရသည်။ အဘယ်ကြောင့် ဤသို့ဖြစ်လာခဲ့ရသနည်း။ မည်သို့သောနည်းလမ်းများဖြင့် ထွက်ပေါက်ရှာနိုင်ကြမည်နည်းဟူ၍လည်း ကမ္ဘာ့နိုင်ငံများအကြား မေးခွန်းများလွင့်ပါး လျက်ရှိနေဆဲဖြစ်သည်။
ဤနေရာတွင် စာရေးသူအနေဖြင့် ဘဝတလျောက်ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများ၊ မြောက်များစွာသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ရဖူးသည်များ အပေါ်အခြေခံပြီး အနည်းအကျဥ်းမျှ တင်ပြလိုပါသည်။ ပထမဦးစွာ “ပြည်ထောင်စုမြန်မာနိုင်ငံ” ဟူသောအမည်နာမနှင့်စပ်လျဥ်း၍ ရှင်းလင်းကွဲပြားစွာ သဘောပေါက်နားလည်ဖို့လိုပါမည်။ ပြည်ထောင်စုများစုပေါင်းထားသဖြင့် ပြည်ထောင်စုနိုင်ငံဟု သမုတ်ထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ပြည်နယ် သို့မဟုတ် ပြည်မတခုတည်းနှင့် တည်ထောင်ထားခြင်းမဟုတ်ကြောင်း ၁၉၄၇ ပင်လုံစာချုပ်က သက်သေထူပြလျက်ရှိသည်။ ထိုသို့ ပြည်ထောင်များပေါင်းစုထားခြင်းကြောင့်လည်း ပြည်ထောင်စုအတွင်း အဖုံဖုံသော ပြဿနာများ ပေါ်ပေါက်လာရခြင်းဖြစ်သည်။ မတူသည်များကို ရောနှောပေါင်းစုထားရာမှ ဖြစ်တည်လာသောပြဿနာများကို ညှိနှိုင်းဖြေရှင်းရမည့်အစား ဗမာခေါင်းဆောင် (အထူးသဖြင့်စစ်ခေါင်းဆောင်)များက လူမျိုးကြီးဝါဒကို အခွင့်ကောင်းယူအသက်သွင်း ကာ တိုင်းရင်းသားလူမျိုးများအကြား လက်နက်ကိုင်တော်လှန်မှုများ ပေါ်ပေါက်လာခဲ့ရသည်။ ပြဿနာကို အစပျိုးခဲ့သူက ပြဿနာဖြေရှင်းရန်လစ်လျူရှုခဲ့သည့်အတွက် တိုက် ပွဲများလည်း တနေ့ထက်တနေ့ ပြင်းထန်လာခဲ့ရသည်။
ပြည်ထောင်စုနှင့်ပတ်သက်၍ နိုင်ငံရေးအတွေးအခေါ်များလည်း အမျိုးမျိုးအဖုံဖုံ ကွဲပြား ခြားနားသွားကြသည်။ လူမျိုးတမျိုးထဲတွင်ပင် နိုင်ငံရေးအတွေးအခေါ်ချင်း မတူသဖြင့် အဖွဲ့များ ခွဲခြားတည်ထောင်ကုန်ကြသည်။ တမျိုးသားချင်းပြန်လည်တိုက်ခိုက်သတ်ဖြတ်လာကြသည်။ ဤသို့ နိုင်ငံရေးရည်မှန်းချက်များ ကွဲပြားကြသဖြင့် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တုန်းက နေဝင်းဦးဆောင်သော ဗမာစစ်တပ်၏ အာဏာသိမ်းယူခြင်းကို ခံခဲ့ရဖူးပြီဖြစ်သည်။ နေဝင်းက နိုင်ငံရေးပါတီများလေရှုပ်လေ၊ ဒီမိုကရေစီစနစ်ကျင့်သုံးပါက အရှုပ်အထွေးများပြီး သွေးကွဲဖို့သာရှိမည်ဟုဆိုကာ မြန်မာ့ဆိုရှယ်လစ်လမ်း စဥ်ဟူသော တပါတီအာဏာရှင်စနစ်ကို ထူထောင်ပြီး ရုရှနိုင်ငံနှင့်ခေတ်အဆက်ဆက်မိတ်ဖက်ပြုခဲ့သည်
သို့တိုင်အောင် နေဝင်း၏စီမံချက်ကြီးသည်လည်း တဖက်ကမ်းသို့မရောက်ခဲ့ပေ။ ရှစ်လေးလုံးအရေးအခင်းကြောင့် ပလ္လင်ထက်မှဆင်းသက်သွားခဲ့ရသည်။ ၂၆ နှစ်လုံးလုံး မွဲပြာကျခဲ့ရသော ပြည်သူလူထုနှင့် သံဃာတော်များ၏ ဒေါသမီးကို အစုလိုက်ပစ်ခတ် သတ်ဖြတ်ခြင်းဖြင့် ငြိမ်းသတ်ဖို့ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် ဗမာ့တပ်မတော်အား အာဏာလက်လွှဲပြုပေးလိုက်ခြင်းဖြင့် ၎င်း၏ဆိုရှယ်လစ်ခေတ်ကြီးကို ပြည်ဖုံးကားချ လိုက်ရသည်။ မည်သို့ဆိုစေ တပါတီအာဏာရှင်စနစ်နှင့် လူမျိုးကြီးဝါဒ ရိုးတွင်းချဥ်ဆီအထိ စိမ့်ဝင်ထားသော အာဏာသိမ်းစစ်ခေါင်းဆောင်များကတော့ အာဏာကို စွဲမြဲစွာဆက် လက်ဆုပ်ကိုင်ထားကြဆဲဖြစ်သည်။ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီး ကျင်းပပေးမည်ဟု ကြားကောင်းအောင်ကြေငြာပြီး ဒီမိုကရေစီကိုသွေးတိုးစမ်းခဲ့ကြသည်။ ၁၉၉၀ ရွေးကောက်ပွဲကြီးတွင် ဒီမိုကရေစီအင်အားစုများ အပြတ်အသတ်အနိုင်ရသွားသော်လည်း တိုင်းပြည်အာဏာကိုအပ်နှင်းဖို့ မျက်နှာပြောင်တိုက်ငြင်းဆိုခဲ့သည်။
ယခုဆိုလျှင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေးကြေငြာပြီး ၂၀၀၈ အခြေခံဥပဒေကိုရေးဆွဲစေခဲ့သည်မှာ ၁၄ နှစ်တိုင်ခဲ့ပြီဖြစ်သည်။ ၂၀၀၈ အခြေခံဥပဒေရေးဆွဲအပြီး ရွေးကောက်ပွဲပြုလုပ်ပြီးနောက် ဗိုလ်ချုပ်ကြီးသိန်းစိန် နိုင်ငံတော်သမ္မတဖြစ်လာခဲ့သည်။ သမ္မတကြီး ဦးသိန်းစိန်လည်း အပစ်အခတ်ရပ်စဲရေးကြေငြာပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် ကမ်းလှမ်းခဲ့သည်။ နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာမည်ဆိုခြင်းကြောင့် NCA ပေါ်ပေါက်လာခဲ့ရခြင်းဖြစ်သည်။
သမ္မတဦးသိန်းစိန်၏ ၅ နှစ်တာ အစိုးရသက်တမ်းအပြီးတွင်မှ NLD ပါတီက အစိုးရအဖွဲ့အဖြစ် ၅ နှစ်တာ ပြောင်းလဲဆက်ခံခဲ့သည်။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများတွင် မိမိတို့ အဖွဲ့အစည်းအသီးသီး၏ မူဝါဒ ပေါ်လစီများအပေါ်အငြင်းပွားမှု၊ နိုင်ငံရေးအမြင်ချင်းကွဲလွဲမှု၊ ပြည်သူတို့၏ လိုလားချက်များအတိုင်း မလိုက်လျောနိုင်မှု အစရှိသည့် ပြဿနာပေါင်းစုံများအတွက် အငြင်းအခုန်ပြုခြင်းများဖြင့် ၈ နှစ် ၉ နှစ်တာကာလကို အလဟသဖြုန်းတီးပစ်ခဲ့ကြသည်။ သို့ဖြင့် ၂၀၂၁ ခုနှစ်ဆန်းပိုင်းတွင် NLD နှင့် တပ်မတော်တို့အကြား တင်းမာမှုက အဆုံးစွန်ပိုင်းသို့ ရောက်ရှိခဲ့ရသည်။ နောက်ဆုံးတွင် NLD ပါတီက ရွေးကောက်ပွဲမဲအရေအတွက် လိမ်လည်ရေတွက်သည်ဟူသည့် ရိုးစွပ်ချက်ဖြင့် စစ်တပ်က တိုင်းပြည်အာဏာသိမ်းပိုက်လိုက်သည်။ ဤသို့ဖြင့် အဖွဲ့အစည်းအသီးသီးတို့၏ နိုင်ငံရေးဆွေးနွေးမှုများလည်း တခန်းရပ်သွားခဲ့ရပြန်သည်။
ပြည်သူလူထုထောက်ခံသော အစိုးရလက်မှ တိုင်းပြည်အာဏာကို တပ်မတော်က သိမ်းပိုက်လိုက်သဖြင့် ဒေါသအိုးပေါက်ကွဲကုန်သော ပြည်သူလူထု၊ ရဟန်းသံဃာတော်များ၊ ကျောင်းသားများနှင့် အစိုးရဝန်ထမ်းများ တပြည်လုံးအတိုင်းအတာဖြင့် အုံကြွဆန္ဒပြမှုကို စစ်တပ်က အကြမ်းဖက်နည်းဖြင့် ဖြိုခွင်းလာသောအခါ ငြိမ်းချမ်းစွာဆန္ဒပြရာမှ လက်နက်ကိုင်ခုခံတော်လှန်သော တုတ်တုတ်ချင်းဓါးဓါးချင်းလက်စားချေသည့် အနေအထားသို့ အသွင်ပြောင်းသွားလေတော့သည်။ သူသူကိုယ်ကိုယ် မည်သူမည်ဝါမှန်းမသိတော့သည့် ပဋိပက္ခမီးတောက်များအကြားတွင် သေသူသေ၊ နာသူနာ၊ ထောင်ကျသူကျ၊ အိမ်ယာစွန့်ပြေးသူပြေးနှင့် တိုင်းပြည်ကြီးသည် နေဝင်းအာဏာသိမ်းစဥ်ကာလကထက် အဆပေါင်းမြောက်များ စွာပို၍ဆိုးရွားနေတော့သည်။ တဦးပေါ်တဦး၊ တဖွဲ့ပေါ်တဖွဲ့ အယုံအကြည်ကင်းမဲ့ခြင်း အာဏာနှင့်ရပိုင်ခွင့်များကို ငန်းငန်းတက်မက်မောခြင်း၊ နေရာတကာတွင် လာဘ်ပေးလာဘ်ယူစနစ်များဖြင့်သာ လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း၊ အနိုင်ယူလိုမှုများသာ လွှမ်းမိုးကြီးစိုးခြင်း အစရှိသည်တို့မှာ လက်ရှိပြဿနာ၏အရင်းအမြစ်များဖြစ်သည်။ တိုင်းပြည်ကို အုပ်ချုပ်မင်းလုပ်သူတို့က မင်းကျင့်တရားကင်းမဲ့ပြီး တရားမျှတမှုနှင့်ကင်းကွာနေကြ၍သာလျှင် ပြည်သူလူထုများဆင်းရဲတွင်းနက်နေကြရခြင်း ဖြစ်သည်။
(ဒုတိယပိုင်းဆက်ဖတ်ပါရန်)
ဆေခန်ဖ
၂၄ . ၀၉ . ၂၀၂၂