ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် SSPP တပ်ဖွဲ့မှ ဒေသခံ ၁၁ ဦးအား ဖမ်းဆီးခေါ်ဆောင် သွားပြီး ညှင်းပန်းနှိပ်စပ်မှုများပြုလုပ်

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့နယ်တွင် ပတ်တန်နုတ်ကျေးရွာအနီးရှိ ကုန်းမက်မုံမွန်းတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တပ်ဖွဲ့မှ အပြစ်မဲ့ ဒေသခံ ၁၁ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားပြီး ညှင်းပန်းနှိပ်စပ်မှုဖြင့် စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ ညနေ ၄း၀၀ နာရီခန့်၌ ပင်လုံမြို့နယ် တန့်အယ်ကျေးရွာအုပ်စု ပတ်တန်နုတ်ကျေးရွာအနီးရှိ ကုန်းမက်မုံမွန်းတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် အပြစ်မဲ့ပြည်သူများဖြစ်သည့် တန့်အယ်ကျေးရွာအုပ်စု ပတ်တန်နုတ်ကျေးရွာမှ ဒေသခံ ၅ ဦး ၊ ကျူနိမ့်ကျေးရွာအုပ်စု  ကျူလိန်းကျေးရွာမှ ဒေသခံ ၆ ဦး စုစုပေါင်း ၁၁ ဦးတို့အား SSPP တပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ညှင်းပန်းနှိပ်စပ်ကာ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရပါသည်။

ဖြစ်စဥ်နှင့် ပတ်သက်၍ ဒေသခံပြည်သူတစ်ဦးမှ ပတ်တန်နုတ်ကျေးရွာအုပ်စုအနီးရှိ ကုန်းမက်မုံမွန်း၌ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုသည် SSPP တပ်ဖွဲ့တို့ မြေမြုပ်မိုင်းနင်းမိခြင်းကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ပေါက်ကွဲမှုတွင် SSPP တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဖောက်ကွဲမှုဖြစ်ပွားပြီးနောက် SSPP တပ်ဖွဲ့မှ အပြစ်မဲ့ ဒေသခံ ၁၁ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားပြီး ညှင်းပန်းနှိပ်စပ်ကာ စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်း၊ ဖမ်းဆီးခံရသည့် ဒေသခံ ၁၁ ဦးအား ကျေးရွာ ဥက္ကဋ္ဌများနှင့် ရွာသူရွာသားများမှ SSPP တပ်ဖွဲ့ထံသို့ သွားရောက်တောင်းပန်ပြီး ထောက်ခံပေး၍သာလျှင် ၎င်းတို့ ၁၁ ဦးအား ပြန်လည်လွတ်ပေးခြင်းဖြစ်သည်ဟု ပြောပြခဲ့သည်။

တန့်အယ်ကျေးရွာအုပ်စု ပတ်တန်နုတ်ကျေးရွာအုပ်စုအနီးရှိ ကုန်းမက်မုံမွန်းတွင် ပေါက်ကွဲမှုဖြစ်ပွားသည့် အနီးတစ်ဝှိက်တွင် SSPP တပ်ဖွဲ့တို့ သွားလာလှုပ်ရှားသည့် နယ်မြေသာဖြစ်ကြောင်း သိရှိရပါသည်။

ပြီးခဲ့သည့် ၂၀၂၂ ဇူလိုင်လ ၅ ရက်နေ့တွင်လည်း သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ကျေးသီးမြို့နယ် မိုင်းနောင်မြို့နယ်ခွဲ မိုင်းရဲကျေးရွာအုပ်စု နမ့်တောင်းကျေးရွာ နှင့် ပန်ဟိုက်ကျေးရွာနေ အပြစ်မဲ့ပြည်သူ ကျား ၁၀ ဦး နှင့် မ ၇ ဦး စုစုပေါင်း ၁၇ ဦးတို့အား SSPPတပ်ဖွဲ့မှ ဖမ်းဆီးခေါ်‌ဆောင်သွားခဲ့သည်။

Taifreedom

Facebook

သတင်း