ပုံပါကျင်မြို့နယ်တွင် RCSS/SSA နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်

အကြမ်းဖက် ဟုသတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများ၌ ၂၀၂၀ ခုနှစ် မေလ(၁၀) ရက်မှစ၍ သြဂုတ်လ (၃၁) ရက်နေ့အထိ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲထားကြောင်းဟု မေလ ၉ ရက်နေ့တွင် အစိုးရတပ်မ‌တော်မှ ထုတ်ပြန်ထားသော်လည်း ယနေ့ နံနက်ပိုင်းတွင် အစိုးရတပ်မတော်နှင့် နယ်ခြားစောင့်တပ်တို့ပူးပေါင်းပြီး RCSS/SSA၏ ခေတ္တစခန်းအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ ၂၀၂၀ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် ပုံပါကျင်မြို့နယ်တွင် အမှတ် ၆၅ ခြေလျင်တပ်ရင်း နှင့် အမှတ်၁၀၀၇ နယ်ခြားစောင့်တပ် တို့ပူးပေါင်း အင်းအား ၁၀၀ ခန့်သည် ပုံပါကျင်မြို့နယ် နားကောင်းမူးကျေးရွာအုပ်စု နားကောင်းမူကျေးရွာမှ နားဖယောင်း‌ကျေးရွာသို့ တပ်ချီပြီး နမ့်ခမ်းလမ်းကြားမှ M 79 နှင့် 60mm စသည့် လက်နက်ကြီးများဖြင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA ခေတ္တစခန်းချထားသည့် နေရာသို့ ယနေ့ နံနက်၈ နာရီခန့်မှစတင် ပစ်ခတ်တိုက်ခိုက်ပြီး နံနက် ၁၀ နာရီအထိလည်း ပစ်ခတ်တိုက်ခိုက်မှုဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

ထို့အပြင် အစိုးရတပ်မတော်ဘက်မှလည်း အင်းအားဆက်လျက်ဖြည့်တင်းမှုရှိပြီး ရှုပ်ထွေးနေသည့် အခြေအနေဖြစ်သောကြောင့် နှစ်ဖက်စလုံး၏ ထိခိုက်ရှုံးဆုံးမှု သိရှိခြင်းမရှိသေးပါ။

တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ အခန်း ၃ အပိုဒ် ၈ (ခ)တွင်ပါရှိသည့် တစ်ဖက်အဖွဲ့အစည်းက ထိန်းချုပ်နယ်ထားသော နယ်မြေအတွင်း လက်နက်ဖြင့်သွားလာရန် လိုအပ်လာပါက နှစ်ဖက်ညှိနှိုင်းသဘောတူညီချက်ဖြင့် သွားလာရန် ဟူသည့်အချက်အတိုင်း အစိုးရတပ်မတော်မှ RCSS/SSA ထိန်းချုပ်နယ်မြေအတွင်းသို့ လက်နက်ကိုင်ဆောင်၍ လှုပ်ရှားသွားလာသည့်အပြင် RCSS/SSA ခေတ္တစခန်းအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် မလိုလားဘဲ တိုက်ပွဲဖြစ်ပွားခဲ့ရသည်။

အဆိုပါ မိုင်းတုံမြို့နယ် အခြေစိုက် အမှတ် ၆၅ ခြေလျင်တပ်ရင်း(ခလရ-၆၅) အမှတ် ၁၄ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် (စကခ-၁၄) ၊ တြိဂံတိုင်းစစ်ဌာချုပ်၏ လက်အောက်ခံတပ်ရင်းဖြစ်ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း