ပန်ဆိုင်းမြို့နယ်တွင် နေထိုင်ကြသော ဒေသခံပြည်သူများအား TNLA ထံ ဆက်ကြေးမပေးရန် KIO/KIA ပြော

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်)မြို့နယ်တွင် KIO/KIA တပ်ဖွဲ့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများအား  ဖိတ်ခေါ်၍ ဆက်ကြေးကောက်ခံရန်အတွက် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

KIO/KIA မှ အစည်းအဝေးတက်ရောက်ရန်ဖိတ်ခေါ်သည့် ရပ်ကွက်များနှင့် ကျေးရွာများမှာ ပန်ဆိုင်းမြို့ အမှတ် ၁ ရပ်ကွက်၊ အမှတ် ၂ ရပ်ကွက်၊ နမ့်ဟူးကျေးရွာအုပ်စု၊ မန်ဆယ်ကျေးရွာ၊ ခုန်လုံကျေးရွာ၊ ခုန်ကန်ကျေးရွာ၊ ပန်ဂျုံကျေးရွာ၊ နမ်ဟွယ်တိုက်ကျေးရွာ၊ နမ့်ဟွယ်နေကျေးရွာ၊ လွယ်ဝိန်းကျေးရွာ၊ လုံခန်ကျေးရွာ၊ ကောင်းဆထေးကျေးရွာ၊ ကောင်းရောင်းကျေးရွာ၊ နမ့်တောင်းကျေးရွာ၊ ခါးလင်ကျေးရွာ နှင့် ဖိုင်ကောင်းကျေးရွာ စသည်တို့ဖြစ်ကြောင်း သိရှိရသည်။

အစည်းအဝေးအား ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီ၌ သျှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်း(ကြူကုတ်)မြို့နယ် နမ့်တောင်းကျေးရွာအုပ်စု  ဖာခမ်းကျေးရွာတွင် ပြုလုပ်ခဲ့ပြီး KIO/KIA တပ်ဖွဲ့မှ KIO/KIA ထိန်းချုပ်နယ်မြေတွင် မည်သူမဆို KIO/KIA ထံသို့ တစ်အိမ်လျှင် ဆန် ၁ သင်း၊ ဆား ၁ ပိဿာ နှင့် ငွေကျပ် ၅၀၀၀ ဆက်ကြေးပေးဆောင်ရမည်ဟု သတင်းရရှိသည်။

အစည်းအဝေးတွင် ဒေသခံပြည်သူတစ်ဦးမှ ယခုလက်ရှိအချိန်တွင် ဆက်လက်ပြန့်ပွားနေသည့် COVID-19 ကပ်ရောဂါကြောင့် ဒေသခံပြည်သူများအနေဖြင့် စားဝတ်နေရေးအတွက် အခက်အခဲများကြုံတွေ့နေရသည့် အိမ်ခြေများအား ဆက်ကြေးကင်းလွတ်ပေးရန် KIO/KIA ထံ တင်ပြသော်လည်း KIO/KIA တပ်ဖွဲ့မှ ဆက်ကြေးကင်းလွတ်ပေးရန် မဖြစ်နိုင်ကြောင်း ပြန်လည်ဖြေကြားသည့်အပြင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် ပန်ဆိုင်းမြို့နယ်တွင်းရှိ ကုန်စုံဆိုင်များ၊ စားသောက်ဆိုင်များ နှင့် ဆိုင်ကယ်ပြုပြင်ဆိုင်များသည် TNLA တပ်ဖွဲ့ထံသို့ ကျပ်ငွေ ၁၅ သိန်းမှ သိန်း ၂၀ အထိ ဆက်ကြေးပေးဆောင်ရခြင်းနှင့် ပတ်သက်၍ KIO/KIA တပ်ဖွဲ့မှ ပန်ဆိုင်းမြို့နယ်သည် TNLA တပ်ဖွဲ့တို့၏ ထိန်းချုပ်နယ်မြေမဟုတ်သောကြောင့် ဆက်ကြေးပေးဆောင်ခြင်းမပြုလုပ်ရန် ၎င်းအစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။

ထို့အပြင် ဆက်ကြေးကောက်ခံသည့် စည်းမျဥ်းစည်းကမ်းအား ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှစ၍ ဖြတ်ပိုင်းဖြင့်  ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများမှ သက်မှတ်ထားသည့်အတိုင်း ဆက်ကြေးကောက်ခံပေးရမည်ဖြစ်ကြောင်း၊ ရရှိလာသည့် ဆက်ကြေးများအား KIO/KIA တပ်ဖွဲ့ဝင်များမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများထံ လာရောက်ယူဆောင်မည်ဖြစ်ကြောင်း KIO/KIA တပ်ဖွဲ့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများအား မှာကြားခဲ့ပါသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၂၇ ရက်နေ့မှ မေလ ၁၉ ရက်နေ့အထိတွင်လည်း သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် တီမကျေးရွာအုပ်စု နမ့်အွမ်ကျေးရွာတွင် နေထိုင်ကြသော ဒေသခံပြည်သူများမှ KIA/KIO တပ်ဖွဲ့ထံ တစ်ထပ်အိမ် တစ်အိမ်လျှင် ၁၀၀၀ ကျပ်၊ ၆ ဘီးကား(သေး) တစ်စီးလျှင် ၆၀၀၀၀ ကျပ်၊ ၆ ဘီးကားကြီး တစ်စီးလျှင် ၂၅၀၀၀၀ ကျပ်၊ အိမ်သုံးမီးစက် ၁၅၀၀၀ ကျပ်၊ တူးမီးသေနတ် ၁၀၀၀၀ ကျပ်၊ ထော်လာဂျီ(ကြီး) တစ်စီးလျှင် ၃၀၀၀၀ ကျပ်၊ ထော်လာဂျီ(သေး) တစ်စီးလျှင် ၁၀၀၀၀ ကျပ်၊ မြေထွန်စက် တစ်စီးလျှင် ၆၀၀၀၀၀ ကျပ်၊ အုတ်ခဲထုတ်လုပ်သည့် စက် ၂၅၀၀၀ ကျပ်၊ POK(4)သေး ၃၀၀၀၀၀ ကျပ်၊ POK(4)ကြီး ၅၀၀၀၀၀ ကျပ်၊ အရက်ချက်သည့်အိမ် ၂၀၀၀၀ ကျပ်၊ ဆန်စက် (သေး) ၃၀၀၀၀၀ ကျပ်၊ ဆန်စက် (ကြီး) ၅၀၀၀၀၀ ကျပ်၊ လယ်ထွန်စက် ၂၀၀၀၀ ကျပ်၊ ထွန်တုံး ၃၀၀၀၀ ကျပ်၊ မော်တော်ကား တစ်စီးလျှင် ၃၀၀၀၀ ကျပ်၊ ကျွဲတစ်ကောင်လျှင် ၁၀၀၀၀ ကျပ်၊ နွားတစ်ကောင်လျှင် ၅၀၀ ကျပ်၊ မြေတစ်ဧကလျှင် ၂၀၀၀ ကျပ် ဆက်ကြေးပေးဆောင်ရမည်ဖြစ်ပြီး ဒေသခံများမှ တစ်အိမ်ထောင်လျှင် ကျပ် ၁ သိန်းမှ ၂ သိန်းအထိ ဆက်ကြေးပေဆောင်မည်ဟု ကမ်းလှမ်းသော်လည်း KIA/KIO တပ်ဖွဲ့မှ လက်ခံခြင်းမရှိပဲ ၎င်းတို့၏ သတ်မှတ်ထားသည့် အတိုင်းသာ ဆက်ကြေးပေးဆောင်ခဲ့ရပါသည်။

Taifreedom

Facebook

သတင်း