နောင်ငင်းကျေးရွာဒေသခံပြည်သူများ မြေသိမ်းခံရမှုအပေါ် ကန့်ကွက်ခြင်းမပြုရန် ခြိမ်းခြောက်ခံရ

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်တွင် ကတ်ဖကျေးရွာအုပ်စု နောင်ငင်းကျေးရွာ ဒေသခံပြည်သူလူထုများ နှစ်ပေါင်း ၁၆၀ ကျော် လုပ်ကိုင်စားသောက်လာသည့် မြေဧကပေါင်း ၅၅ ဧကအား အစိုးရမှ သိမ်းပိုက်ပြီး စက်မှုဇုန် ပြုလုပ်မည့်ကိစ္စအား ဒေသခံပြည်သူများအပေါ်  ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ ကန့်ကွက်ခြင်းမပြုရန် ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သတင်းရရှိသည်။

၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ကျိုင်းတုံမြို့နယ် ကတ်ဖကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် နောင်ငင်း‌ကျေးရွာမှ ရွာသားများဖြစ်သည့် စိုင်းကျောက်၊ လုံးယီနွန်း၊ လုံးနွန်း၊ လုံးနန်အွန်၊ လုံးနန်နွန်း စုစုပေါင်း ၅ ဦးတို့အား ကတ်ဖကျေးရွာအုပ်စု အုပ်ချုပ်ရေးရုံးသို့ ဆင့်ခေါ်ကာ အစိုးရမှ သိမ်းပိုက်မည့် နောင်းငင်းကျေးရွာမြေများသည် စက်မှုဇုန် ပြုလုပ်မည်ဖြစ်သောကြောင့် ဒေသခံပြည်သူများအနေဖြင့် ကန့်ကွက်ခြင်းမပြုရန်၊ ကန့်ကွက်ပါက မည်သူမဆို ပြစ်ဒဏ်ပေးသွားမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့ပါသည်။

တစ်ပြိုင်နက် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် လျှပ်စစ်ဝန်ကြီးဌာနမှ ဝန်ထမ်းများသည် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ နောင်ငင်းကျေးရွာအနီးတစ်ဝှိုက် မြေထိုးစက် (ဘူတိုဇာ) နှင့်အတူ လျှပ်စစ်မီးတိုင်များ စိုက်ထူနေသည်ကို ဒေသခံပြည်သူများ မြင်တွေ့ရ၍ လျှပ်စစ်ဝန်ကြီးဌာနရုံးသို့ အဆိုပါ မြေကွက်များသည် ဒေသခံပြည်သူများမှ နှစ်ပေါင်းရာကျော် လုပ်ကိုင်စားသောက်လာသည့် မြေကွက်များဖြစ်သောကြောင့် ၎င်းမြေကွက်များ သိမ်းပိုက်မည့်ကိစ္စများ ရပ်တန့်ပေးပါရန် သွားရောက်အကြောင်းကြားတောင်းဆိုခဲ့သဖြင့် လျှပ်စစ်ဝန်းကြီးဌာနရုံး တာဝန်ရှိပုဂ္ဂိုလ်လည်း သက်ဆိုင်ရာတာဝန်ရှိများသို့ ဆက်လက်အကြောင်းကြားပေးမည်ဟု ပြန်လည်ပြောကြား ခဲ့ကြောင်း သိရှိရသည်။

နောင်ငင်းကျေးရွာဒေသခံပြည်သူများ၏ မြေကွက်များသည် လွန်ခဲ့သော ၁၉၉၅ ခုနှစ်တွင်လည်း တြိဂံတိုင်းစစ်ဌာနချုပ်မှ သိမ်းယူခဲ့ပြီး ဒေသခံပြည်သူများ ပြန်လည်တောင်းယူမှုကြောင့် ၂၀၁၆ ခုနှစ်တွင် တပ်မတော်မှ ၎င်းမြေကွက်များအား ဒေသခံပြည်သူများထံ ပြန်လည်ပေးခဲ့ပြီး မြေကွက်ပိုင်ဆိုင်မှုစာရွက်စာတမ်း ပုံစံ ၇ များကို အုပ်ချုပ်ရေးမှူးရုံးက သိမ်းဆည်းထားကြောင်း သိရှိရသည်။

နောင်ငင်းကျေးရွာသည် ရှေး‌ခေတ်ကတည်းက တည်ဆောက်လာခြင်းဖြစ်သည့် ကျေးရွာတွင်းရှိ အိမ်ခြေများသည်လည်း ရှေး‌ဟောင်းလက်မှုပညာများဖြင့် တည်ဆောက်ထားသဖြင့် နှစ်တိုင်းလိုလို နိုင်ငံခြားခရီးသည်များ လာရောက်လည်ပတ် လေ့ရှိသည့် ကျေးရွာတစ်ရွာဖြစ်သည်။ ကျေးရွာဘုန်းတော်ကြီးကျောင်းတွင်လည်း နှစ်ပေါင်း ရာနှင့်ချီသည့် ဘုရားရုပ်ဆင်းတုတော်များ၊ ကျောက်တိုင်များ  နှင့် အခြားသော ရှေးဟောင်းလက်မှုပညာများ တည်ရှိနေသည့် ရှေးဟောင်းဝင်နေရာဖြစ်သည်။

ယခုလက်ရှိအချိန်တွင် သိမ်းပိုက်ခံရမည့် မြေကွက်များသည် ရာသီအလိုက် စိုက်ပျိုးသည့် သီးနှံများ နှင့် နှစ်ရှည်သီးနှံများစိုက်ပျိုးထားသည့် မြေဧက ၅၅ ဧကသည် မြေကွက်ပိုင်ရှင် ၂၃ ဦးရှိပြီး အဆိုပါမြေကွက်သည် နောက်ဆုံးမှီခိုရာဖြစ်သောကြောင့် အစိုးရမှ သိမ်းပိုက်မည်ဆိုပါက အဆိုပါ မြေပိုင်ရှင် ၂၃ ဦးနှင့်အတူ ၎င်းတို့၏ မိသားစုဝင်များ၏ အသက်မွေးဝမ်းကျောင်းအတွက် အခက်အခဲများကြုံတွေ့ရမည်ကို ရပ်ကြီးရွာအိုများလည်း စိုးရိမ်နေသဖြင့် အစိုးရမှ စက်မှုဇုန် မတည်ဆောက်ခင် သက်ဆိုင်ရာဌာနများသို့ မြေကွက်ပိုင်ဆိုင်မှု စာရွက်စာတမ်း(ပုံစံ ၇) ပြန်လည်ရရှိရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း ၊ သက်ဆိုင်ရာမှ မြေကွက်ပိုင်ဆိုင်မှု စာရွက်စာတမ်း(ပုံစံ ၇) ပေးအပ်ခြင်းမရှိပါက ဆန္ဒထုတ်ဖော်တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါကိစ္စများနှင့် ပတ်သက်၍ ယနေ့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွက်လည်း လျှပ်စစ်ဝန်ကြီးဌာနမှ ဝန်းထမ်းများသည် ဒေသခံရွာသူရွာသားများသို့ အကြောင်းကြားခြင်းမရှိပဲ မြေထိုးစက်(ဘူတိုဇာ) များဖြင့် မြေထိုးရန်ရောက်လာသဖြင့် ဒေသခံပြည်သူများက ကန့်ကွက်တားမြစ်ခြင်းများပြုလုပ်ပြီး ဒေသခံပြည်သူများမှ အုပ်ချုပ်ရေးတာဝန်ရှိသူများထံသို့ တိုင်ကြားသော်လည်း အုပ်ချုပ်ရေးတာဝန်ရှိသူများမှ လာရောက်ဖြေရှင်းပေးခြင်းမရှိဘဲ အုပ်ချုပ်ရေးရုံးသို့ သွားရောက်ဆွေးနွေးရန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။

၁၉၉၅ ခုနှစ်က သိမ်းပိုက်ခံရသည့် ဒေသခံပြည်သူ၏ မြေကွက်များမှာ တြိဂံတိုင်းစစ်ဌာနချုပ်မှ ယန်းလှကျေးရွာ ဒေသခံပြည်သူတို့၏ မြေဧကပေါင်း ၁၉၅.၉၈ ဧက ၊ စည်သူကျော်ဖြိုးမှ နောင်းငင်း‌ကျေးရွာ မြေဧကပေါင်း ၂၅၀ ဧက ၊ ဒေါ်မာမာသိန်းမှ နောင်းငင်းကျေးရွာ မြေဧကပေါင်း ၂၀ ဧက ၊ ဦးတင်ဆွေဆိုသူမှ မြေဧကပေါင်း ၂၀ ဧက သိမ်းပိုက်ခံခဲ့ရတုန်းကလည်း ဒေသခံပြည်သူများမှ မြေကွက်သိမ်းယူသူ၏နေရပ်လိပ်စာ သိရှိခြင်းမရှိဘဲ အမည်နာမ သာ ကြားဖူးကြောင်း သတင်းရရှိပါသည်။

Taifreedom

Facebook

သတင်း