နမ့်ခမ်းမြို့ အနီး မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၃ ဖွဲ့နှင့် မြန်မာ့တပ်မတော် တိုက်ပွဲဖြစ်ပွား

ယနေ့ နံနက်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းဝိုင်းကျေးရွာနှင့် လွိုင်လောဝ်ကျေးရွာအကြား မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၃ ဖွဲ့နှင့် တပ်မတော် တိုက်ပွဲဖြစ်ပွားပြီး စာသင်ကျောင်းခေတ္တပိတ်ထားရ‌ကြောင်း သတင်းရရှိသည်။

ယနေ့ ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီခန့်၌ နမ့်ခမ်းမြို့နယ် ကောင်းဝိုင်းကျေးရွာအုပ်စု ကောင်းဝိုင်းကျေးရွာ နှင့် လွိုင်လောဝ်ကျေးရွာအကြားရှိ ပန်တင်-တွန်ကန်တွင် ‌ကောင်းဝိုင်းကျေးရွာမှ ပန်တင်ကျေးရွာဘက်သို့ နယ်မြေစစ်ဆေးရေးပြုလုပ်သည့်မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၃ ဖွဲ့သည် အမှတ်-၇ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၇)လက်အောက် စစ်ကြောင်းများနှင့် ထိပ်တိုက်တွေ့ဆုံရာမှ တစ်နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ရပြီး နမ့်ခမ်းမြို့အရှေ့တောင်ဘက်ရှိ စခန်းသစ်မှ လက်နက်ကြီးများဖြင့် တိုက်ပွဲဖြစ်ပွားသည့်နေရာသို့ ကူပစ်ခတ်ခဲ့ရကြောင်းလည်း သိရသည်။

တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၃ ဖွဲ့ တိုက်ပွဲတွင်း ပစ်ခတ်နေသည့် သေနတ်သံများကြောင့် နမ့်ခမ်းမြို့ရှိ အစိုးရစာသင်ကျောင်းမှ စာသင်နေကြသော ကျောင်းသားကျောင်းသူများအား ဆွေမျိုးမိဘများမှ ပြန်လည်ခေါ်ယူခဲ့ပြီး စာသင်ကျောင်းခေတ္တပိတ်ထားခဲ့ရကြောင်း၊ ကုန်စျေးအရောင်းဆိုင်များလည်း ခေတ္တပိတ်ခဲ့ရကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ  သိရသည်။

တပ်မတော်သည် ဝမ်ဟိုနားကျေးရွာသို့ စစ်ကြောင်းတစ်ကြောင်း ၊ စခန်းသစ်ဘက်သို့ စစ်ကြောင်းတစ်ကြောင်း နှင့် ကောင်းဝိုင်းကျေးရွာဘက်သို့ စစ်ကြောင်းတစ်ကြောင်း စုစုပေါင်း စစ်ကြောင်း သုံးကြောင်းဖြင့် စစ်ရေးလှုပ်ရှားနေကြောင်း သိရသည်။

Taifreedom

Facebook

သတင်း