နမ္မတူမြို့နယ်တွင် TNLA တပ်ဖွဲ့မှ RCSS/SSA အား ထပ်မံတိုက်ခိုက်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ်တွင် TNLA တပ်ဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားရာ TNLA တပ်ဖွဲ့မှ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာတွင်းကျရောက်၍ ဒေသခံပြည်သူများ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေ ၅:၀၅ မိနစ်ခန့်တွင် နမ္မတူမြို့နယ် နမ့်တောင်ကုန်းကျေးရွာအုပ်စု နမ့်ပိုင်ကျေးရွာအနီးတွင် RCSS/SSA နယ်မြေခံတပ်ရင်းအား TNLA တပ်ဖွဲ့မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မီးယမ်းအဖြစ် လက်နက်ကြီးများ ပစ်ခတ်ရာ နမ့်ပိုင်ကျေးရွာတွင်း လက်နက်ကြီးကျရောက်ကာ ဒေသခံပြည်သူ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ကျေးရွာတွင်းလက်နက်ကြီးကျ၍ ဒဏ်ရာရရှိသည့် ဒေသခံပြည်သူ ၄ ဦးမှာ ပါနန်းပီး ခါးဒဏ်ရာတစ်ချက်နှင့် ဘယ်ဘက်လက်မောင်း ဒဏ်ရာတစ်ချက် ၊ နန်းမွန်း နောက်ကျော ဒဏ်ရာတစ်ချက် ၊ ပါနု ဦးခေါင်းဒဏ်ရာတစ်ချက် နှင့် ညာဘက်ပခုံး ဒဏ်ရာတစ်ချက် ၊ စိုင်းအောင်လ ညာဘက်ခြေထောက်ဒဏ်ရာတစ်ချက် ရရှိ၍ ၎င်းတို့အား နမ္မတူမြို့နယ်ဆေးရုံသို့ ဆေးကုသမှုခံယူခဲ့ကြောင်း သိရှိရသည်။

၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ ည ၉ နာရီခွဲခန့်တွင် လက်နက်ကြီးသံများ ၊ သေနတ်သံများ ငြိမ်သက်သွားပေမယ့် ယခုလက်ရှိအချိန်ထိ တပ်ဖွဲ့ ၂ ဖွဲ့မှ စစ်ရေးတင်းမာမှုရှိနေကြောင်း သတင်းရရှိသည်။

၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင်လည်း နမ္မတူမြို့နယ်တွင်နမ့်တောင်ကုန်းကျေးရွာအုပ်စု နားကျဲကျေးရွာအနီးတွင် အခြေစိုက်ထားသည့် RCSS/SSA တပ်စခန်းအား SSPP/SSA တပ်ဖွဲ့နှင့် TNLA တပ်ဖွဲ့တို့ပူးပေါင်းပြီ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါသည်။

Taifreedom

Facebook

သတင်း