နမ္မတူမြို့နယ်တွင် RCSS နှင့် TNLA တို့ ထိပ်တိုက်တွေ့ကာ တိုက်ပွဲဖြစ်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် TNLA တပ်ဖွဲ့တို့ ထိပ်တိုက်တွေ့ဆုံ၍ တိုက်ပွဲဖြစ်ပွားခဲ့ရကြောင်း သတင်းရရှိသည်။

၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ညနေ ၅ နာရီခန့်တွင် နမ္မတူမြို့နယ် မန်စံကျေးရွာအုပ်စု ပိန်းလုံကျေးရွာအနီးတွင် နယ်မြေတွင်း စီစစ်ရေးပြုလုပ်နေသည့် RCSS/SSA နယ်မြေခံတပ်ရင်းနှင့် TNLA တပ်ဖွဲ့ တပ်မဟာ ၄ လက်အောက်ခံများ ထိပ်တိုက်တွေ့ဆုံမိ၍ မိနစ်အနည်းငယ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ရကြောင်း သိရှိရသည်။

ထိပ်တိုက်တွေ့ဆုံ၍ တိုက်ပွဲဖြစ်ပွားသည့် နေရာတွင် TNLA တပ်ဖွဲ့ဝင်များ အနည်းငယ်ဒဏ်ရာရရှိပြီး ယနေ့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၀:၃၀ အထိ တိုက်ပွဲထပ်မံဖြစ်ပွားမှုမရှိတော့ပဲ ငြိမ်သက်နေကြောင်း သတင်းရရှိသည်။

ဤတိုက်ပွဲနှင့် ပတ်သက်၍ TNLA ပြန်ကြားရေးဌာနမှ RCSS/SSA တပ်ဖွဲ့မှ ၎င်းတို့တပ်ဖွဲ့အား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲထုတ်ပြန်ရေးသားထားပါသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်တွင်လည်း နမ္မတူမြို့နယ် နမ့်တောင်ကုန်းကျေးရွာအုပ်စု နမ့်ပိုင်ကျေးရွာအနီးတွင် RCSS/SSA တပ်ဖွဲ့အား  TNLAတပ်ဖွဲ့မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မီးယမ်းအဖြစ် လက်နက်ကြီးများပစ်ခတ်ရာမှ နမ့်ပိုင်ကျေးရွာတွင်း လက်နက်ကြီးကျရာက်၍ ဒေသခံပြည်သူ ၄ ဦး ထိမှန်ကာ ဒဏ်ရာရရှိခဲ့ပြီး နမ္မတူမြို့နယ် ဆေးရုံသို့ ဆေးကုသမှုခံယူခဲ့ပါသည်။

TNLAတပ်ဖွဲ့ ၊ AAတပ်ဖွဲ့ နှင့် MNDAAတပ်ဖွဲ့တို့ပူးပေါင်းပြီး ၂၀၂၀ နှစ်ကုန်အထိ တစ်ဖက်သက်အပစ်ခတ်ရပ်စဲရေး ထုတ်ပြန်ကြေညာထားသော်လည်း ၂၀၂၀ ခုနှစ် ဒီဇင်ဘာလအတွင်း TNLAတပ်ဖွဲ့နှင့် RCSS/SSA တပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ ၄ ကြိမ်ရှိပြီဖြစ်သည်။

Taifreedom

Facebook

သတင်း