နမ္မတူမြို့နယ်တွင် RCSS တပ်စခန်းအား SSPP နှင့် TNLA တို့ ထိုးစစ်ဆင်တိုက်ခိုက်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်းအား SSPP/SSA တပ်ဖွဲ့နှင့် TNLA တပ်ဖွဲ့တို့ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ယနေ့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် ၈ နာရီခွဲခန့်တွင် နမ္မတူမြို့နယ် နမ့်တောင်ကုန်းကျေးရွာအုပ်စု နားကျဲကျေးရွာအနီးတွင် အခြေစိုက်ထားသည့် RCSS/SSA တပ်စခန်းအား မဟာမိတ်တပ်ဖွဲ့ဖြစ်သည့် SSPP/SSA တပ်ဖွဲ့နှင့် TNLA တပ်ဖွဲ့တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သျှမ်းပြည်တွင်း သံဃာတော်များ ၊ ပြည်သူလူထုများ ၊ နိုင်ငံရေးပါတီများနှင့် လူမှုရေးအသင်းများတို့၏ တောင်းဆိုချက်အရ သျှမ်းပြည်တပ်မတော် ၂ တပ်ဖွဲ့ဖြစ်သည့် RCSS နှင့် SSPP တပ်ဖွဲ့တို့သည် ၂၀၁၉ ခုနှစ် မေလ ၁၁ ရက်နေ့တွင် အပစ်ခတ်ရပ်စဲကြောင်း ပူးပေါင်းထုတ်ပြန်ကြေညာခဲ့ပါသည်။

အပစ်ခတ်ရပ်ထုတ်ပြန်ကြေညာပြီးနောက် နမ္မတူမြို့နယ် နားကျဲကျေးရွာ ၊ နားကျိုင်းကျေးရွာ နှင့် နောင်လုံကျေးရွာတို့တွင် RCSS နယ်မြေဟု သတ်မှတ်ထားပြီး ကုန်ကျောင်း နှင့် ပိန်းလုံကျေးရွာတွင် SSPP နယ်မြေဟု သတ်မှတ်ကာ ၂ တပ်ဖွဲ့အကြား နမ့်မီချောင်းဖြင့် နယ်ခြားထားကြောင်း သိရှိရပါသည်။

RCSS/SSA တပ်စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် တပ်ရင်းများမှာ SSPP/SSAတပ်ဖွဲ့မှ  တပ်မဟာ အမှတ် ၉၉၉ လက်အောက်ခံတပ်ရင်း နှင့်  TNLA တပ်မဟာ ၄ လက်အောက်ခံတပ်ရင်း ဖြစ်ကြောင်း သိရှိရသည်။

၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင်လည်း သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မို‌တေကျေးရွာအုပ်စု နမ့်ကန်းကျေးရွာအနီးတွင် RCSS/SSA နယ်မြေခံတပ်ရင်း နှင့် SSPP/SSA နယ်မြေခံတပ်ရင်းတို့ နယ်မြေစစ်ဆေးရာမှ ထိပ်တိုက်တွေ့ဆုံမိသဖြင့် ၅ မိနစ်ကြာတိုက်ပွဲဖြစ်ပွားခဲ့ရကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း