နမ့်ဆန်-မန်စံလမ်းမပေါ်တွင် RCSS/SSA သံချောင်းများစိုက်ထောင်ထားသည့်သတင်းမှာ မဟုတ်မမှန်သတင်းသာဖြစ်ကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူပြောကြား

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် နမ့်ဆန်-မန်စံလမ်းမပေါ်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA မှ သံချောင်းများ စိုက်ထောင်ထားသည်ဆိုသည့်သတင်းမှာ မဟုတ်မမှန်သတင်းသာဖြစ်ကြောင်း ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် သတင်းမီဒီယာများ၏မေးမြန်းချက်အရ RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး အုမ်ခေး ပြောကြားခဲ့ပါသည်။

RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး အုမ်ခေးမှ- ဟုတ်ပါတယ် ဒီသတင်းကို ကြားမိပါတယ်၊ မန်စံကျေးရွာကနေ နမ့်ဆန်ဘက်သွားတဲ့လမ်းမပေါ်မှာ RCSS/SSA တပ်ဖွဲ့က သံချောင်းများ စိုက်ထောင်ထားတယ်ဆိုတဲ့ သတင်းဟာ မဟုတ်မမှန်သတင်းသာဖြစ်ပါတယ်၊ RCSS/SSAတပ်ဖွဲ့အနေနဲ့ ဒေသခံပြည်သူတွေကို ဒုက္ခပေးမယ့် လုပ်ရပ်မျိုး ပြုလုပ်မှာမဟုတ်ပါဘူး၊ ပေါ်လစီလည်းမရှိပါဘူး ဒါကြောင့်မို့ သတင်းအမှားတွေကို မယုံကြပါနဲ့ ဟုပြောကြားခဲ့ပါသည်။

အဆိုပါကိစ္စမှာ RCSS/SSA တပ်ဖွဲ့အပေါ်အကောင်းမမြင်သည့် တပ်ဖွဲ့အား နာမည်ဖျက်ချင်သော လူပုဂ္ဂိုလ်တစ်ချို့ (သို့) အဖွဲ့အစည်းတစ်ချို့ရဲ့ လက်ချက်သာဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါသည်။

ထို့ပြင် RCSS/SSA နှင့် TNLA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာနယ်မြေ ကျောက်မဲမြို့နယ်ထဲမှာ တိုက်ပွဲတွေမရှိတော့ပေမယ့် RCSS/SSA တပ်ဖွဲ့က ဒေသတွင်း လှုပ်ရှားနေသဖြင့် စစ်ဘေးရှောင်ပြည်သူများ နေရပ်မပြန်ရဲသေးဟူသည့် သတင်းမှာလည်း မဟုတ်မမှန်သည့် သတင်းသာဖြစ်ကြောင်း ၎င်းက ယခုလို ရှင်းလင်းပြောပြသည်။

“TNLA တပ်ဖွဲ့မှ  RCSS/SSAတပ်ဖွဲ့အား ထိုးစစ်ဆင်တိုက်ခိုက်ရန် အင်အားဖြည့်တင်းမှုများပြုလုပ်နေပြီး တိုက်ပွဲကြီးကြီးကျယ်ကျယ်ဖြစ်ပွားမည်ဟု TNLA တပ်ဖွဲ့မှ ခြိမ်းခြောက်သတင်းပေါ်ထွက်လာသောကြောင့် ဒေသခံပြည်သူများ နေရပ်မပြန်ရဲခြင်းဖြစ်ကြောင်း” ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး အုမ်ခေးမှ ပြောကြားခဲ့ပါသည်။

ယခုလတ်တလောမှာ တိုက်ပွဲတွေငြိမ်သက်သွားပြီးဖြစ်တာကြောင့် ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်လွန်ကြောက်ရွံ့ခြင်းမဖြစ်ပဲ ကိုယ့်ရပ်ရွာကို ပြန်နိုင်ပြီဖြစ်ကြောင်း နှင့် TNLA တပ်ဖွဲ့မှ  RCSS/SSAတပ်ဖွဲ့အား ထိုးစစ်ဆင်တိုက်ခိုက်လာပါက ‌ကျေးရွာအနီးတဝှိုက်တွင် တိုက်ပွဲမဖြစ်စေရန် RCSS/SSA ဘက်မှ အတတ်နိုင်ဆုံး ရှောင်လွှဲပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

လွန်ခဲ့တဲ့တစ်ပတ်ခန့်က သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်-မန်စံလမ်း၏ နမ္မတူ-မန်စံဘက် သွားလာသည့်လမ်းမပေါ်တွင် အမည်မသိလက်နက်ကိုင်အဖွဲ့အစည်းမှ စိုက်ထောင်ထားသည့် သံချောင်းများကြောင့် ဒေသခံပြည်သူများ၏ မော်တော်ဆိုင်ကယ်များ ၊ ကားများ သံချောင်းနင်းမိပြီး ဘီးပေါက်မှုများ မကြာခဏဖြစ်ပွား၍ အခက်အခဲများကြုံတွေ့နေရသည်ကို သတင်းမီဒီယာတစ်ချို့မှ သက်သေပြနိုင်ခြင်းမရှိပဲ RCSS/SSA တပ်ဖွဲ့၏ လက်ချက်ဟု စွပ်စွဲရေးသားဖော်ပြထားပါသည်။

Taifreedom

Facebook

သတင်း