ထုတ်ပြန်ချက် ၅ ချက်ဖြင့် PPST (၁၂/၂၀၂၀) အစည်းအဝေးပြီးစီး

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်မဖွဲ့အစည်းများ(NCA-S EAO)၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ PPST (၁၂/၂၀၂၀) အစည်းအဝေးအား အောင်မြင်စွာကျင်းပပြီးစီးကြောင်း သတင်းရရှိသည်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့နှင့် နိုဝင်ဘာလ ၂၆ ရက်နေ့ နှစ်ရက်တာ Online Video Conferencing ဖြင့် ပြုလုပ်ကျင်းပခဲ့သော NCA-S EAO ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ (PPST)အစည်းအဝေးတွင် PPST ခေါင်းဆောင်များ ၊ ကိုယ်စားလှယ်များ ၊ အကြံပေးပုဂ္ဂိုလ်များ ၊ WLPP မှ လေ့လာသူများ နှင့် NCA-S EAO ရုံးဝန်ထမ်းများ စုစုပေါင်း ၅၀ ဦးတက်ရောက်ခဲ့ကျပြီး အစည်းအဝေးထုန်ပြန်ချက် ၅ ချက်ဖြင့် အောင်မြင်စွာ ကျင်ပနိုင်ခဲ့ကြောင်း သိရှိရသည်။

အစည်းအဝေးတွင် PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်မှ နှစ်ရက်တာအစည်းအဝေးမှာ လက်ရှိနိုင်ငံရေး ၊ ငြိမ်းချမ်းရေး ၊ စစ်ရေးအခြေအနေများ ၊ရွေးကောက်ပွဲအလွန် ငြိမ်းချမ်းရေးအခင်းအကျင်းများ ၊ COVID-19 ထိန်းချုပ်ကုသရေးကိစ္စများ နှင့် ကြားကာလ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ သုံးသပ်ဆွေးနွေးခဲ့ကြပြီး လုပ်ဆောင်ရမည့်လုပ်ငန်းများ လမ်းညွန်ပေးနိုင်ခဲ့ကြောင်း ၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အစိုးရသစ်တရားဝင်မဖွဲ့စည်းနိုင်မီ အလွတ်သဘောဖြင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းနိုင်ရေးအတွက် ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းနိုင်ခဲ့ပြီး ၎င်းတို့၏တာဝန် သတ်မှတ်ပေးနိုင်ခဲ့ကြောင်း ၊ NCA-S EAO ၏ စတုတ္ထကြိမ်ညီလာခံ(ဒုတိယပိုင်း)အား ၂၀၂၁ နှစ်ဆန်းပိုင်းတွင် ကျင်းပနိုင်ရေး သတ်မှတ်နိုင်ခဲ့ကြောင်းနှင့် တပ်မတော်နှင့် ULA/AA တို့၏ ငြိမ်းချမ်းရေးအတွက် လက်တလောဆောင်ရွက်မှုသည် ကြီးမားသည့်တိုးတက်မှုတစ်ခုဖြစ်ကြောင်း နိဂုံးချုပ်မိန့်ခွန်းတွင် ပြောကြားခဲ့ပါသည်။

ထို့အပြင် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်ပပြီးစီးခဲ့သော ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအား NCA-S EAO ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ (PPST)အနေဖြင့် ဝမ်းမြောက်ဂုဏ်ယူမိကြောင်း ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် တိုင်းပြည်တွင်း ရင်ဆိုင်နေရသော နိုင်ငံရေး ၊ စီးပွားရေး နှင့် လူမှုရေးပြဿနာများအား အမျိုးသားညီညွတ်ရေး နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးစိတ်ဓါတ်ဖြင့် ဖြေရှင်းဆောင်ရွက်သွားလိမ့်မည်ဟု မျှော်လင့်ကြောင်း ၊ မိမိတို့ PPST အနေဖြင့် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင် ဖက်ဒရယ်စနစ်အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးအတွက် မကြာခင်ဖွဲ့စည်းမည့် အစိုးရနှင့်အတူ နိုင်ငံရေးကတိကဝတ်ခိုင်မာစွာဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝမ်းမြောက်သဝဏ်လွှာပေးပိုခဲ့ပါသည်။

Taifreedom

Facebook

သတင်း