ထိုင်းအဆိုတော်ဟောင်းတစ်ဦး မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရ

ထိုင်းအဆိုတော်ဟောင်းတစ်ဦးဖြစ်သည့် ပုကီ့ ပရိဆာန ဖရိုင်းဆိုင်ကို မူးယစ်ဆေးဝါးများနှင့်အတူ ၂၀၁၉ ခုနှစ် ဇွန်လ ၁၇ ရက်နေ့က သူမ၏နေအိမ်တွင် ဖမ်းဆီးခံခဲ့ရသည်။

ပုကီ့ ရှာလာ့လာ့ဟု နာမည်ကြီးသည့် သူမကို နေအိမ်တွင် သူမ၏ခင်ပွန်းနှင့်အတူ ခေတာမင် ၄၈ ဂရမ် ၊ အိုက်စ် ၉၈.၃ ဂရမ် ၊ ယာမ ၈ ပြား ၊ Ecstasy ၁၀ ပြား ၊ ဆေးခြောက် ၄၀ ဂရမ် နှင့် အခြားသော ဓါတုပစ္စည်းများကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲဘက်က ထုတ်ပြန်ခဲ့သည်။

ထိုင်းရဲအရာရှိများက ထိုင်ဝမ်နိုင်ငံသား အမျိုးသားတစ်ဦးဖြစ်သည့် နိုင်ဟုန်ကျိန့်ယိအား တည်းခိုခန်းတွင်းက ခေတာမင် ၅.၂ ကီလိုဂရမ်နှင့်အတူ ဖမ်းဆီးမိရာကစပြီး ထိုမူးယစ်ဆေးဝါးများကို ပုကီ့ထံမှ ဝယ်ယူခဲ့တယ်လို့ ဝန်ခံခဲ့ရာမှ ထိုင်းအဆိုတောင်ဟောင်း ပုကီ့ကို ခြေရာခံမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်ဝမ်နိုင်ငံသား အမျိုးသား၏ လိပ်စာညွှန်းဆိုချက်အတိုင်း ထိုင်းရဲအရာရှိများက ရှောင်တခင်ဝင်ရောက် စစ်ဆေးရာ မထင်မှတ်ဘဲ ထိုင်းအဆိုတော်ဟောင်း ပုကီ့ရဲ့နေအိမ်ဖြစ်နေပြီး ၄င်းတို့ကို သက်သေခံမူးယစ်ဆေးဝါး များနှင့်အတူ ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း သိရသည်။

အသက် ၄၀ နှစ်အရွယ် ပုကီ့နှင့် ၄င်း၏ ခင်ပွန်းဖြစ်သူ တို့က မူးယစ်ဆေးစွဲလာသည်မှာ နှစ်အတော်ကြာပြီ ဖြစ်ကြောင်း ၊ ကြိုးစားဖြတ်ကြည့်သော်လည်း မအောင်မြင်ခဲ့ကြောင်း ၊ မူးယစ်ဆေးတစ်ခါ ရောင်းလျှင် အမြတ်အနေဖြင့် ထိုင်းဘတ်ငွေ ၇ သိန်းခန့် ရရှိသည်ဟု တရားခံဘက်က  ထွက်ဆိုခဲ့သည်။

ဖမ်းဆီးရမိသည့် ဓါတုပစ္စည်းများအရ ရောင်းဝယ်မှုအပြင် ထုတ်လုပ်မှုပါရှိနိုင်သည်ဟု ယူဆထားပြီး စစ်ဆေးမှုများ ထပ်မံပြုလုပ်သွားမည်ဖြစ်ပြီး ၄င်းတို့ဇနီးမောင်နှံကို မူးယစ်ဆေးဝါးထုတ်လုပ်မှု ၊ ‌ရောင်းချမှုတို့နဲ့ စွဲချက်တင်ထားကြောင်း သတင်းရရှိသည်။

Facebook

သတင်း