ထိပ်သီးအစည်းအဝေးတွင် တစ်ဆို့မှုတွေကျော်လွှားနိုင်ဖို့ နည်းလမ်းရှာနိုင်ခဲ့

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယခု မေလ ၁၄ ရက်နေ့မှ ၁၈ ရက်‌နေ့အထိ ၅ ရက်တာကျင်းပခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်‌ရေးအဖွဲ့အစည်း ထိပ်သီးခေါင်းဆောင်အစည်းအဝေး၌ ရလဒ်အဖြစ် NCA အကောင်အထည်ဖော်မှုအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွင် ကြုံတွေ့နေရသည့် တစ်ဆို့မှုများ ဖြတ်ကျော်နိုင်ဖို့ နည်းလမ်းရှာနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

အဓိကကတော့ ဒီအစည်းအဝေးမှာ အချက်နှစ်ချက်ဖြစ်တဲ့ ငြိမ်းချမ်းရေးတစ်ဆို့မှုကို ဖြတ်ကျော်နိုင်ဖို့ နည်းလမ်းနဲ့ ဖက်ဒရယ်ကို အခြေခံအရယူနိုင်ဖို့ကို ဆွေးနွေးခဲ့ကြတာဖြစ်တယ် ၊ တစ်ဆို့မှုတွေ ဖြေရှင်းကျော်လွှားနိုင်ရေးအတွက် နည်းလမ်းရှာနိုင်ခဲ့တယ် ၊ တစ်ဆို့မှုတွေကတော့ ခွဲမထွက်ရေး ၊ တစ်ခုတည်းသော တပ်မတော်ထားရှိရေးကိစ္စ်ရပ်ဆိုပြီးတော့မှ ကျွန်တော်တို့ DDR ကြီးတွေပဲ မြန်မာ့တပ်မတော်က အဲဒီကိစ္စတွေပေါ်မှာပဲ သဘောထားတယ် ၊ အဲဒီကိစ္စတွေပေါ်မှာ ကျွန်တော်တို့ ကြားထဲမှာ အမြင်တွေကို စုစည်းပြီးတော့မှ ဒါတွေကို ဘယ်လိုနည်းနဲ့ဖြတ်ကျော်သွားမှာလဲဆိုတဲ့ နားလည်မှုရခဲ့တယ် ဟု  မွန်ပြည်သစ်ပါတီ(NMSP) ဒုဥက္ကဌ နိုင်ဟံသာက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထိုအစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်အပေါ် အစိုးရ၊လွှတ်တော် ၊ တပ်မတော်တို့၏ တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ လွှတ်တော်က ပြဌာန်းလိုက်သည့် ဥပဒေများက ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူများနှင့် သဟဇာတ ဖြစ်ရန်လိုအပ်ကြောင်း အလေးထား ဆွေးနွေးခဲ့ကြပြီးနောက် အကောင်အထည်ဖော်လုပ်ဆောင်သွားရန် ဆွေးနွေးခဲ့ကြသည့်အပြင် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက်ရာတွင် NCA-S-EAO များ ကိုင်စွဲထားသည့် မည်သည့်သက်ဆိုင်သူများကိုမျှ ချန်လှပ်မထားရေး အခြေခံမူ (Non-Exclusive Principle) အရ အခြားသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများအားလုံး ပါဝင်ဆွေးနွေးနိုင်ဖို့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် အကောင်အထည်ဖော်မှုဆိုင်ရာ စုဖွဲ့မှုတစ်ခု ဖွဲ့စည်းနိုင်ရေးအတွက် အလုပ်အဖွဲ့တစ်ရပ်ကိုပါ ဖွဲ့စည်းနိုင်ခဲ့ကြောင်း NCA-S-EAO က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ၅ ရက်တာ ကျင်းပသည့် အစည်းအဝေးတွင် အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၏ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဥ် ဦးဆောင်ကော်မတီ (PPST) ကို ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ညှိနှိုင်းတိုင်ပင်ခြင်း အစည်းအဝေး PPCM အဖြစ် ပြောင်းလဲဖို့ဆိုပြီး ဆွေးနွေးကြရာတွင် ကွဲလွဲမှုများရှိနေပြီး အချို့အဖွဲ့က PPST ကို ယခင်အတိုင်းထားရှိရန်သဘောထားရှိကြပြီး တချို့က PPCM အဖြစ် ပြောင်းလဲဖို့ အချင်းချင်းကြား သဘောထားကွဲလွဲမှု အနည်းငယ်ရှိခဲ့ကြောင်း သိရှိရသည်။

ယခု အစည်းအဝေးတွင် ဆွေးနွေးရန်ကျန်ရှိသေးသည့် အကြောင်းအရာများကို ဆက်လက်ဆွေးနွေးနိုင်ရေးအတွက် အစည်းအဝေးဒုတိယပိုင်းအဖြစ် လာမည့်မကြာမီကာလတွင် ဆက်လက်ကျင်းပသွားရန်ရှိကြောင်း သတင်းရရှိသည်။

Facebook

သတင်း