တိုင်းရင်းသားလူမှုအဖွဲ့အစည်းများစုပေါင်းကာ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အခမ်းအနား မူဆယ်တွင် ကျင်းပ

စက်တင်ဘာလ ၂၁ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ဖြစ်သည့်အတွက် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ရှေးရှုပြီး မူဆယ်မြို့နယ်ရှိ တိုင်းရင်းသားလူမှုအဖွဲ့အစည်းများဖြစ်သည့် သျှမ်းစာပေနှင့် ယဥ်ကျေးမှုအသင်း ၊ ကချင် စာပေနှင့်ယဥ်ကျေးမှုအသင်း ၊ တအာင်း(ပလောင်) စာပေနှင့် ယဥ်ကျေးမှုအသင်းတို့စုပေါင်းကာ မူဆယ်တွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၁ ရက် နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီထိ မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၊ မြေစာရင်းရုံးဟောင်းအနီး ၊ မောက်ကိုဆွဲ့(၂)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ သျှမ်း၊ ကချင်၊ တအာင်း နှင့် တိုင်းရင်းသားမျိုးနွယ်စုများ စုစုပေါင်း (၃၀၀) ခန့် တက်ရောက်ခဲ့ကြပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

ထိုအခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ (International Day of Peace) နှင့် ပတ်သက်ပြီး သျှမ်းစာပေနှင့် ယဥ်ကျေးမှုအသင်းကိုယ်စား စိုင်းနွမ်လောဝ်၊ ကချင် စာပေနှင့်ယဥ်ကျေးမှုအသင်းကိုယ်စား ဦးကျော်ပွမ်၊ တအာင်း စာပေနှင့်ယဥ်ကျေးမှုအသင်း ကိုယ်စား မိုင်းလှဆွေတို့က အသီးသီး မိန့်ခွန်းစကား ပြောကြားခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို အတည်ပြုကာ မိမိတို့ တိုင်းရင်းသားအချင်းချင်း ချစ်ခင်ရင်းနှီးစွာဖြင့် ယှဥ်တွဲနေထိုင်ကြရန်နှင့် တိုင်းရင်းသားလူမျိုးအချင်းချင်းကြား အထင်အမြင်လွဲမှားမှုများ ကင်းရှင်းစွာဖြင့် ချစ်ချစ်ခင်ခင်ရှိကြရန်တို့ကို အဓိကထားပြီး ကျင်းပရခြင်းဖြစ်ကြောင်း တိုင်းရင်းသားကိုယ်စားလှယ်များက ပြောကြားခဲ့သည်။

Facebook

သတင်း