တရုတ်ရဲ့အကျိုးစီးပွားထောင်ချောက်နဲ့အတူ သျှမ်းမြောက်ကတိုက်ပွဲများ

ဒီရက်ပိုင်း စာရေးသူကို ပြည်မက သူငယ်ချင်းမိတ်ဆွေတွေအတော်များများက လာလာမေးနေတဲ့ ကိစ္စတစ်ခုရှိပါတယ်။ သျှမ်းမြောက်မှာ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ကျတယ်ဆို ဘာကြောင့် ဗမာစစ်တပ်ကို မတိုက်ကျဘဲ အချင်းချင်းဖြစ်နေကျသလဲဆိုတဲ့မေးခွန်းပါ။

အဲ့ဒီမေးခွန်းကို အမှန်တကယ်ဖြေဖို့ဆိုရင် သျှမ်းမြောက်ရဲ့ ပထဝီဝင်နိုင်ငံရေးအနေအထားနဲ့ ဒီဒေသက လှုပ်ရှားနေတဲ့ EAOs တွေရဲ့ သမိုင်းနောက်ခံ၊ လူထုရဲ့အားပေးထောက်ခံမှု စတာတွေကိုပါ အသေးစိတ် နားလည်မှသာလျှင် ပြန်ဖြေလို့ရမှာပါ။

သျှမ်းမြောက်မှာ အဓိကလှုပ်ရှားနေတဲ့ EAOs အဖွဲ့ကြီးက ၆ ဖွဲ့အထိ ရှိပါတယ်။ RCSS, SSPP, TNLA, KIA, UWSA, MNDAA ဆိုတဲ့ အဖွဲ့ ၆ ဖွဲ့အပြင် တခြားလှုပ်ရှားနေတဲ့ ပြည်သူ့စစ်တွေလဲရှိပါတယ်။ သျှမ်းမြောက်ဟာ တရုတ်ပြည်နဲ့ထိစပ်နေတဲ့နယ်စပ်ထွက်ပေါက်တစ်ခုဖြစ်နေတာကို စာဖတ်သူတွေ သိကျမှာဖြစ်သလို အပေါ်ပါ EAOs ၆ ဖွဲ့ထဲမှာ တရုတ်နယ်စပ်နဲ့အနီးမှာ ဌာနချုပ် တပ်စခန်းမရှိဘဲ တရုတ်သြဇာနဲ့ဝေးကွာနေတဲ့ တစ်ခုတည်းသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဟာ RCSS ဖြစ်ပါတယ်။ ပြီးတော့ RCSS ကလွဲလို့ ကျန်တဲ့လက်နက်ကိုင်တွေဟာ UWSA ဦးဆောင်တဲ့ FPNCC အဖွဲ့ဝင်တွေလည်းဖြစ်ကျပါတယ်။

ကျန်လက်နက်ကိုင်အဖွဲ့တွေက တရုတ်နယ်စပ်မှာလှုပ်ရှားနေရပြီးတော့ တရုတ်ရဲ့အကူအညီတွေ အနည်းနဲ့အများ ရယူနေရတဲ့အဖွဲ့တွေရှိနေသလို တရုတ်နဲ့ မလွဲသာဘဲပတ်သက်နေရတဲ့ လက်နက်ကိုင်အဖွဲ့တွေလဲရှိပါတယ်။ ဒီနေရာမှာ ကချင်တပ်မတော် KIA ဟာ သျှမ်းပြည်မြောက်ပိုင်းထဲ လှုပ်ရှားနေပေမဲ့ သူ့ကချင်ပြည်ထဲမှာ နယ်မြေဌာနချုပ်အခိုင်အမာရှိပြီးသားမို့လို့ တခြားလက်နက်ကိုင်တွေလောက် သျှမ်းမြောက်အတွင်း ရုန်းကန်ဖို့မလိုပါဘူး။

သျှမ်းပြည်မြောက်ပိုင်းအတွင်းက တရုတ်စီမံကိန်းများ

သျှမ်းပြည်မြောက်ပိုင်းထဲမှာ တရုတ်ရဲ့စီမံကိန်းတွေ ဘယ်လောက်အများကြီးရှိတယ်လို့ စာဖတ်သူအနေနဲ့ ထင်ပါသလဲ? စာရေးသူတို့ရဲ့ သျှမ်းပြည်မြောက်ပိုင်းအတွင်းက စီမံကိန်းကြီးတွေရဲ့ ၈၀% ဘယ်အရာမဆို လက်ညိုးထိုးမလွဲ တရုတ်ကပါဝင်ပတ်သက်နေပါတယ်။

အဲ့ဒါအပြင် NLD အစိုးရလက်ထက် သဘောတူထားခဲ့တဲ့ တရုတ်မြန်မာ ရထားလမ်းစီမံကိန်း၊ နမ္မတူဘော်တွင်း သတ္တုတူးဖော်ရေး၊ ဆောက်လုပ်ဆဲ တရုတ်နဲ့ စစ်အုပ်စုအောင်သောင်းသားတွေ ပေါင်းလုပ်နေတဲ့ အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းတွေအပါ၊ သတ္တုတူးဖော်ရေးလုပ်ကွက် အသစ်စတာတွေကို မကြာခင် အကောင်အထည် ဖော်ဖို့ရှိပါတယ်။

စစ်အုပ်စုဟာ တရုတ်ကို ကျောထောက်နောက်ခံပြုနေရသလို တရုတ်ဟာလည်း သူတို့ရဲ့အကျိုးစီးပွားစီမံကိန်း တွေအတွက် စစ်အုပ်စုနဲ့ ၎င်းတို့ သြဇာသက်ရောက်နိုင်မဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဖိအားပေးပြီး သူတို့အကျိုးစီးပွားကို ကာကွယ်နိုင်ဖို့ မသေချာတဲ့ လက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေဖြစ်လာဖို့ နောက်ကွယ်ကနေ ခြေထိုးနေကျတာဟာ ငြင်းမရတဲ့အချက်ပါဘဲ။

နယ်မြေစိုးမိုးလိုမှုစစ်ပွဲများ

တရုတ်ရဲ့အကျိုးစီးပွားပြသနာအပြင် ထပ်ပြီး ပြဿနာရှိနေတာကတော့ မတူညီတဲ့တိုင်းရင်းသားတွေနေထိုင်တဲ့ ဒေသတွေပေါ် နယ်မြေကျော်စိုးမိုးလိုမှုပြဿနာတွေပါ။ ဥပမာအားဖြင့် ကျောက်မဲနဲ့ နမ့်ခမ်းလို သျှမ်းနဲ့တအာင်း တွေ ရာခိုင်နှုန်းအရ အတူတူနေထိုင်မှုများတဲ့ဒေသတွေကို ရှိရင်းစွဲမိမိတို့နယ်မြေထက်ပိုချဲ့ထွင်လာကျတာမျိုးပါ။

ဒီချိန်ဒီကာလ ဘာလို့အချင်းချင်းတိုက်ကျသလဲ?

အပေါ်ကဆိုခဲ့သလိုပါဘဲ ဒီစစ်အာဏာသိမ်းမှု နောက်ဆက်တွဲတရုတ်ဟာ သူတို့အကျိုးစီးပွားစီမံကိန်းတွေအတွက် ဒီတိုက်ပွဲတွေကို နောက်ကွယ်ကနေ မြောက်ပင့်ဖန်တီးနေသလို နယ်မြေစိုးမိုးမှုနဲ့ သျှမ်းမြောက်တွင်းက အားပေးထောက်ခံမှုကျနေတဲ့ မိမိတို့ပုံရိပ်တက်ဖို့ စတဲ့အချက်တွေနဲ့ ဒီပဋိပက္ခတွေက ပေါ်ပေါက်လာရခြင်းဖြစ်ပါတယ်။

ဒါတွေကိုရှောင်လွားနိုင်ဖို့ဆိုရင် တရုတ်ကို ဖိအားပေးကန့်ကွက်ရမှာဖြစ်သလို စစ်အာဏာရှင်ကို ကန့်ကွက်ဆန့်ကျင်နေချိန်မှာ နယ်မြေစိုးမိုးမှုနဲ့နိုင်ငံရေးအမြတ်ထုတ်သူတွေကိုလည်း ဆင်ခြင်ဖို့အတွက် နည်းလမ်းရှာတိုက်တွန်းရမှာသာဖြစ်ပါတယ်။

ဆောင်းပါးရှင် – ယိင်းနွံ

(ဤဆောင်းပါးပါ အကြောင်းအရာများသည် ဆောင်းပါးရှင်၏ မူရင်းအာဘော်သာဖြစ်ပြီး Tai Freedom ၏ အမြင်သဘောထားမဟုတ်ကြောင်း အသိပေးအပ်ပါသည်)

Facebook

သတင်း