တရုတ်စာသင်ကျောင်းရံပုံငွေရှာဖွေပွဲ နှင့် တရုတ်နှစ်သစ်ကူးပွဲတော်ဟု အမည်တပ်ဆင်ပြီး လောင်းကစားဝိုင်းများဖွင့်လှစ်နေ

ရှမ်း​ပြည်မြောက်ပိုင်း ၊ မူဆယ်မြို့နယ် ၊ နမ့်စန်ကျေးရွာ (ဂိုဒေါင်ရွာ) ၌ ပြည်သူ့စစ်အဖွဲ့(၂)ဖွဲ့ဖြစ်သော ကောင်းခါးပြည်သူ့စစ်အဖွဲ့ နှင့်  မြို့မပြည်သူ့စစ် အဖွဲ့ဝင်များ ဦးဆောင်၍ တရုတ်စာသင်ကျောင်းရံပုံငွေရှာဖွေပွဲ နှင့် တရုတ်နှစ်သစ်ကူးပွဲတော် ဟုအမည်တပ်ကာ လောင်းကစားဝိုင်းများ ဖွင့်လှစ်နေကြောင်း သတင်းရရှိသည်။

အဆိုပါ လောင်းကစားပွဲများဦးဆောင်သည့် ပြည်သူစစ်အဖွဲ့ဝင်များမှာ နမ့်စန့်ရွာနေ ကောင်းခါးပြည်သူ့စစ်အဖွဲ့ ဝင်ဖြစ်သည့် ကိုနိုင် နှင့်  အိုက်ပေါင့် ၊ မြို့မပြည်သူ့စစ်အဖွဲ့ဝင် မောင်အေး တို့ဖြစ်ကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်  ဇန်နဝါရီလ ၂၅ ရက်နေ့ခန့်မှ စတင်ကာ ယနေ့အထိ တရုတ်စာသင်ကျောင်းရံပုံငွေရှာဖွေပွဲနှင့် တရုတ်နှစ်သစ်ကူးပွဲတော်ဟု အမည်တပ်ဆင်ကာ နောက်ကွယ်တွင် လောင်းကစားဝိုင်းများ လွတ်လပ်စွာ ဖွင့်လှစ်လောင်းစားနေကြကြောင်း၊ အဆိုပါလောင်းကစားဝိုင်းတွေကြောင့် မူးယစ်ဆေးရောင်း၀ယ်ဖောက်ကားမှုများ အရင်ထက်ပိုမိုများပြားလာကြောင်း နှင့် ခိုးဆိုးလုယှက်မှုများသည်လည်း နေ့စဥ် ဖြစ်ပေါ်နေတဲ့အပြင် လောင်းကစားမှုတွေကြောင့် အိမ်ထောင်ပြိုကွဲမှုတွေလည်း ဖြစ်ပေါ်နေသည်ဟု အမည်မဖော်လိုသော နောင်လောင်းကျေးရွာဒေသခံတစ်ဦး ပြောပြချက်အရ သိရှိရသည်။

နမ့်စန်ရွာနေ ဒေသခံပြည်သူတစ်ဦးမှလည်း ယခုလို တရုတ်ကျောင်းရံပုံငွေရှာဖွေပွဲ နှင့် တရုတ်နှစ်သစ်ကူးပွဲတော် ဟု အမည်တပ်ဆင်၍  လောင်းကစားဝိုင်းများပြုလုပ်နေသည့် လုပ်ရပ်မှာ မလုပ်သင့်မလုပ်ထိုက်သည့် လုပ်ရပ်ဖြစ်ကြောင်း၊၎င်းလုပ်ရပ်များကြောင့် ရပ်ရေးရွာရေးတွင်လည်း နာမည်ပျက်ခဲ့ရကြောင်းနှင့် ကျေးရွာ၏ င်္သချိုင်းကုန်းတွင် မူးယစ်ဆေးဝါးရောင်းဝယ်သူများမှ  မူးယစ်ဆေးဝါးမျိုးစုံအား လွတ်လပ်စွာရောင်း၀ယ်ဖောက်ကားနေပြီး သက်ဆိုင်ရာမှလည်း သွားရောက် အရေးယူခြင်းမရှိသေးကြောင်း ၎င်းမှ ဆက်လက် ပြောပြချက်အရ သိရှိရပါသည်။

Taifreedom

Facebook

သတင်း