တပ်မ‌တော်မှ ဒေသခံ၏ မော်တော်ယာဥ်များအား အဓမ္မငှားရမ်း

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်တွင် တပ်မ‌တော်တပ်ဖွဲမှ ဟိုခဲကျေးရွာအုပ်စု ဒေသခံရွာသားများ၏ မော်တော်ယာဥ်များအား အဓမ္မငှားရမ်းသည့်အပြင် ငှားရမ်းခလည်း ပေးဆောင်ခြင်းမရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် လွိုင်တောင်းတောင်ပေါ်တွင် စခန်းချထားသည့် တပ်မတော်တပ်ဖွဲ့သည် မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာအုပ်စု လုံစံ‌ကျေးရွာတွင်း ဝင်လာ၍ ဒေသခံရွာသူရွာသားများ၏ ထော်လကျီ  ၂ စီး နှင့် ဆိုင်ကယ် ၇ စီးအား ငှားရမ်းခပေးခြင်းမရှိပဲ လွိုင်တောင်းတောင်ပေါ်သို့ အဓမ္မလိုက်ပို့ခိုင်းသည့်အပြင် လုံစံရွာသူရွာသားများ၏ ဆိုင်ကယ် ၇ စီးသည် ၎င်းတို့သွားလိုသည့် နေရာလိုက်ပို့နိုင်ရန် အသင့်ရှိနေရမည်ဟု မှာကြားခဲ့ကြောင်း ဒေသခံတစ်ဦး၏ သတင်း‌ပေးပို့ချက်အရ သိရှိရသည်။

ထိုနည်းတူ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင်လည်း ဟိုခဲကျေးရွာအုပ်စု လုံစံကျေးရွာ ‌ဒေသခံရွာသူရွာသားများမှ တပ်မတော်တပ်ဖွဲ့တို့အား ထော်လကျီ  ၃ စီး နှင့် ဆိုင်ကယ် ၇ စီးဖြင့် လိုက်ပို့ရသည့်အပြင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင်လည်း ထော်လကျီ  ၂ စီး နှင့် ဆိုင်ကယ် ၇ စီးဖြင့် လိုက်ပို့ခဲ့ရသည်ဟု ၎င်းဒေသခံမှ ဆက်လက်ပြောပြပါသည်။

ပြီးခဲ့သည့် ၂၀၂၀ မတ်လ ၇ ရက်နေ့တွင်လည်း လွိုင်တောင်းတောင်ပေါ်တွင် စခန်းချထားသည့် တပ်မ‌တော်တပ်ဖွဲ့မှ တပ်စခန်းတည်ဆောက်ရန်အတွင်ဟုဆိုကာ ဟိုခဲကျေးရွာ ဒေသခံရွာသူရွာသားများအား ဝါးပင်အပင် ၁၀၀၀ ခုတ်ပြီး ပို့ဆောင်ရမည်ဟု အဓမ္မစေခိုင်းခဲ့သည်။

Taifreedom

Facebook

သတင်း