တပ်မတော်မှ လုံစံကျေးရွာ ဒေသခံမော်တော်ယာဥ်များအား ထပ်မံချောဆွဲ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ်တွင်းရှိ လွယ်တောင်းတောင်ပေါ်တွင် စခန်းချထားသည့် အစိုးရတပ်မတော်တပ်ဖွဲ့မှ ၎င်းတို့၏ စားနပ်ရိက္ခာများ တင်ဆောင်ရန်အတွက် ဒေသခံများ၏ မော်တော်ယာဥ်များအား ချောဆွဲသည်ဟု သတင်းရရှိသည်။

ဖြစ်စဥ်မှာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့တွင် လွယ်တောင်းတောင်ပေါ်တွင် တပ်စခန်းချထားသည့် အစိုးရတပ်မတော်တပ်ဖွဲ့ဖြစ်သည့် အမှတ် ၂၉၄ ခြေလျင်တပ်ရင်း (ခလရ-၂၉၄ ) အင်းအား ၃၀ ခန့်သည် လွယ်တောင်းတောင်မှ သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာအုပ်စု လုံစံကျေးရွာသို့ ဆင်းလား၍ ကျေးရွာတွင်း ထော်လဂျီပိုင်ရှင်များဖြစ်သည့် လုံးနန္ဒာ ၊ လုံးဂုဏ္ဍရ ၊ လုံးမိဏ်း ၊ လုံးကျို တို့အား ၎င်းတို့၏ ထော်လဂျီများဖြင့် ဟမ်းငိုင်းကျေးရွာအုပ်စုတွင် တပ်မတော်စားနပ်ရိက္ခာများ သွားရောက်တင်ဆောင်‌ပေးရန် အဓမ္မစေခိုင်းခဲ့ကြောင်း သိရှိရသည်။

သွားရောက်တင်ဆောင်ပေးရသည့်အပြင် စားနပ်ရိက္ခာများအား လွယ်တောင်းတောင်ပေါ်ရှိ တပ်မတော်တပ်ဖွဲ့ထံ   ဆက်လက်ပို့ဆောင်ပေးခဲ့ရခြင်းဖြစ်သည်ဟု  ဒေသခံပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

စားနပ်ရိက္ခာတင်ဆောင်ရန် ဒေသမော်တော်ယာဥ်များအား ချောဆွဲခဲ့သည့် အမှတ် ၂၉၄  ခြေလျင်တပ်ရင်း (ခလရ-၂၉၄) သည် မိုင်းပန်မြို့နယ် တာဆန်းအုပ်စုတွင် အခြေစိုက်ထားပြီး အမှတ် ၁၇ စစ်ဆင်ရေးကွပ်ကဲမှုဌာန(စကခ-၁၇) လက်အောက်ခံတပ်ရင်းများကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မေလ ၁၄ ရက်နေ့တွင်လည်း အစိုးရတပ်မတော်တပ်ဖွဲ့ အမှတ် ၂၉၄ ခြေလျင်တပ်ရင်း (ခလရ-၂၉၄) နှင့် အမှတ် ၅၇၈ ခြေမြန်တပ်ရင်း (ခမရ-၅၇၈) အင်းအား ၅၀ ခန့်မှ သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာအုပ်စု လုံစံကျေးရွာ ဒေသခံများ၏ ကား ၃ စီးအား လုံစံကျေးရွာမှ ဟမ်းငိုင်းကျေးရွာသို့ စားနပ်ရိက္ခာ သွားရောက်တင်ဆောင်ပြီးနောက် လွယ်တောင်းတောင်ပေါ်ရှိ တပ်မတော်တပ်ဖွဲ့ထံ ဆက်လက်ပို့ဆောင်ပေးရန် အဓမ္မစေခိုင်းခဲ့ခြင်းဖြစ်သည်။

 Taifreedom

Facebook

သတင်း