တပ်မတော်တပ်ဖွဲ့မှ ချောဆွဲသည့်ကားအား TNLA တပ်ဖွဲ့မှ ပစ်ခတ်ရာ အပြစ်မဲ့ပြည်သူ ၂ ဦးသေဆုံး

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့နယ်တွင် တပ်မတော်တပ်ဖွဲ့မှ ချောဆွဲလာသည့်ကားအား TNLA တပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်သဖြင့် အပြစ်မဲ့ပြည်သူ ၂ ဦးသေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ၂၀၂၂ ခုနှစ် မေလ ၄ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ကျောက်မဲမြို့နေ သျှမ်းလူငယ် ၂ ဦးမှ မူဆယ်မြို့တွင် ခရီးထွက်သွားခိုက် လမ်းတွင် တပ်မတော်တပ်ဖွဲ့ဝင်များမှ ၎င်းတို့ကားအား တားပြီး ချောဆွဲကာ တပ်သားများလိုက်ပါသွားစေခဲ့ပြီး မူဆယ်မြို့နယ် မော်တောင်းကျေးရွာအနီးသို့ ရောက်ရှိစဥ် TNLA တပ်ဖွဲ့မှ RPG လက်နက်ကြီး နှင့် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်မတော်တပ်ဖွဲ့ဝင်များအပါအဝင် သျှမ်းလူငယ် ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိပြီး အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။

သေဆုံးသွားသည့် သျှမ်းလူငယ် ၂ ဦးမှာ စိုင်းစံလှ နှင့် စိုင်းဆိုင်ဟန်တို့ဖြစ်ပြီး စိုင်းစံလှသည် ရှမ်းလူငယ်ကွန်ရပ် (TYN) အဖွဲ့၏ ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သလို ၊ သျှမ်းပြည်ညီညွှတ်ရေး ကော်မတီ (CSSU) ၏ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဒေသတွင်း လူမှုရေးလုပ်ငန်းများအပါအဝင် သျှမ်းပြည်တိုးတက်ရေးလုပ်ငန်းစဉ်များ၌ စိတ်ရောကိုယ်ပါ လိုက်ပါဆောင်ရွက်သူတစ်ဦးဖြစ်ကြောင်း သိရပါသည်။

ဤကိစ္စနှင့်ပတ်သက်ပြီး အဆိုပါသေဆုံးသွားသည့် သျှမ်းလူငယ် ၂ ဦးသည် ကျောက်မဲမြို့မှ မူဆယ်မြု့သို့ ခရီးသွားခြင်းဖြစ်ကြောင်း၊ လမ်းတွင် တပ်မတော်တပ်ဖွဲ့များမှ ၎င်းတို့ကားအား တားပြီး ချောဆွဲလိုက်ပါသွားကြောင်း၊ မော်တောင်းကျေးရွာအနီးသို့ ရောက်ရှိစဥ် TNLA တပ်ဖွဲ့မှ RPG လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်မတော်တပ်ဖွဲ့ဝင် ၁၂ ဦးအပါအဝင် သျှမ်းလူငယ် ၂ ဦးလည်း သေဆုံးသွားခဲ့ကြောင်း သေဆုံးသူမိသားစုများ၏ ပြောပြချက်အရ သိရှိရပါသည်။

တပ်မတော်တို့၏ လမ်းသွားလမ်းလာပြည်သူများအား ချောဆွဲခြင်းနှင့် TNLA တပ်ဖွဲ့တို့၏ အရပ်သားပါလာသည့် ကာအား ပစ်ခတ်တိုက်ခိုက်ခြင်း စသည့် လုပ်ရပ်များသည့် အရပ်သားပြည်သူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ နိုင်ငံတကာကျင့်ဝတ်များအား လိုက်နာဆောင်ရွက်ခြင်းမရှိကြပဲ တမင်ကျူးလွန်ချိုးဖောက်နေခြင်းဖြစ်သော်ကြောင့် RCSS/SSA အနေဖြင့် ပြင်းထန်စွာ ပြင်းထန်စွာ ဆန့်ကျင်ရှူချပါသည်။

Taifreedom

Facebook

သတင်း