ညှိနှိုင်းဆွေးနွေးရာတွင် သူလျှော့ကိုယ်လျှော့မှသာလျှင် ညှိနှိုင်းဆွေးနွေးမှု အောင်မြင်မည်ဟု RCSSဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော

၂၀၂၀ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့၌ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းစင်တာ-၁ (MICC-1)တွင် ပြုလုပ်ကျင်းပသည့် ၉ ကြိမ်မြောက် JICM အစည်းအဝေးမှာ သြဂုတ်လ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ၃ ရက်တိတိ ပြုလုပ်ကျင်းပသည့် JICM အကြိုညှိနှိုင်းအစည်းအဝေးမှ ရရှိသည့်ရလဒ်ကောင်းများ တညီတညွတ်တည်း အတည်ပြုနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

၉  ကြိမ်မြောက် JICM အစည်းအဝေးအား NCA-S EAO ကိုယ်စားလှယ်အဖြစ် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ (PPST) ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်ပြီး ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ပူးဇင်ကျုံး၊ နိုင်ဟံသာ၊ ရဲဘော် သံခဲ၊ ဗိုလ်ချုပ်ကြီး စောမိုရှေး၊ ပဒိုစောတာဒိုမူး၊ ဒေါက်တာ နော်ကပေါ်ထူး၊ စောမြရာဇာလင်း (ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင် ကိုယ်စား)နှင့် ကျာခွန်ဆာ တို့ တက်ရောက်ပြီး  အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့်  အစိုးရကိုယ်စာလှယ်များ ၊ လွှတ်တော်ကိုယ်စားလှယ်များ နှင့် ဒုတိယ တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)၊ ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းဦးဆောင်သည့် တပ်မတော်ကိုယ်စားလှယ်များ တက်ရောက်ကြခဲ့ကြပါသည်။

အခမ်းအနားအစီအစဥ်အရ RCSS ဥက္ကဋ္ဌ (PPST) ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်မှ JICM အစည်းအဝေးတွင် အတည်ပြုပေးနိုင်ခဲ့သည့် အဆင့်ရောက်ရှိသည်အထိ နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့မှာ အခက်အခဲအမျိုးမျိုး ၊ အကျပ်အတည်းအမျိုးမျိုး ၊ အတားအဆီးအမျိုးမျိုးကြား ကြိုးပမ်းညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ရသည်ဆိုသည်မှာ မိမိတို့အားလုံး၏ အသိဖြစ်ကြောင်း ပြောကြားသည့်အပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးအောင်မြင်စွာကျင်းပနိုင်ရေး ၊ ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဥ် သာယာဖြောင့်ဖြူးရေး နှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အားလုံးမှ ဝိုင်းဝန်းလက်တွဲ ဆက်လက်ဆောင်ရွက်သွားကြပါရန် တိုက်တွန်းလိုကြောင်း  နိဂုံးချုပ်အမှာစကားတွင် ထည့်တွင်းပြောကြားခဲ့သည်။

ထို့အပြင် ဆွေးနွေးညှိနှိုင်းရာတွင် တစ်ဖက်ဖက်အတွက် ၁၀၀ ရာခိုင်နှုန်းအပြည့် ရရှိဖို့ရန်အတွက် မဖြစ်နိုင်ကြောင်း ၊ သူလျှော့ကိုယ်လျှော့မှသာလျှင် ညှိနှိုင်းဆွေးနွေးမှု အောင်မြင်မည်ဖြစ်ကြောင်း နှင့် ကိုယ်လိုချင်တာ အပြည့်ရမှ ဆောင်ရွက်မည်ဆိုလျှင် ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ရှေ့ဆက်တိုး၍ ရမည်မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင် JICM အကြိုညှိနှိုင်းအစည်းအဝေးမှ တင်ပြလာသည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃)တွင် အဓိကပါဝင်မည့် အပိုင်း (၃)ပိုင်းဖြစ်သည့်  NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် (၁၅)ချက်၊ ၂၀၂၀ အလွန်တွင် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့်  အဆင့်လိုက် အကောင်အထည်ဖော်မှု၏ ခေါင်းစဉ်ကြီး (၈) ခု နှင့် ဆက်လက်ညှိနှိုင်းရမည့်  နှစ်ဖက်အဆိုအပြု ခေါင်းစဉ်ခွဲများ၊ အပိုင်း(၃) ဖက်ဒရယ်အခြေခံမူ သဘောတူညီချက် (၅) ချက် စသည့်အချက်များ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္တအစည်းအဝေး ကျင်းပမည့်အချိန်းဇယားများ ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးခိုင်မာရေးဆိုင်ရာ ဆွေးနွေးမည့်အကြာင်းအရာများနှင့် ဆွေးနွေးမှုပုံစံ သဘောတူညီချက်များ ၊ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ တွင် ထည့်သွင်းချုပ်ဆိုမည့် သဘောတူညီချက်များ ၊ အစိုးရနှင့် NCA-S EAO အကြား ညှိနှိုင်းဆဲအကြောင်းအရာများအား ဆက်လက်ညှိနှိုင်းဆွေးနွေးခြင်း ကိစ္စရပ်များ ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွင် EAO များပိုမိုပါဝင်လာနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားခြင်း စသည့် အချက်များအား အတည်ပြုနိုင်ခဲ့ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း