စီးပွားဖြစ် မွေးမြူထားသည့် အိမ်မွေးတိရိစ္ဆာန်များကို အစိုးရတပ်မတော်မှ ခိုးယူစားသောက်ခဲ့ဟု ဒေသခံများဆို

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ကျေးလက်ဒေသခံများ စီးပွားဖြစ် မွေးမြူထားသည့် အိမ်မွေးတိရိစ္ဆာန်များအား အစိုးရတပ်မတော် ခမရ-၅၈၀ တပ်ရင်းမှ တပ်သားများက ခိုးယူစားသောက်ခဲ့ကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ သတင်းရရှိသည်။

၂၀၂၀ ခုနှစ် ဇန်နဝါရီလအစောပိုင်းတွင် အစိုးရတပ်မတော် ခြေမြန်တပ်ရင်းအမှတ် – ၅၈၀ တပ်ရင်းမှ အင်အား ၂၀၀ ကျော်ခန့်ရှိ စစ်ကြောင်းသည် မိုင်းပျဉ်းမြို့နယ်အတွင်းသို့ ဝင်ရောက်လှုပ်ရှားစဉ် ဇန်နဝါရီလ ၂ ရက်နေ့ နံနက်စောစော ၅ နာရီကျော်အချိန်ခန့်တွင် ခမရ (၅၈၀) တပ်ရင်းမှ အင်အား ၂၇ ခန့်ရှိတပ်ရင်း တပ်ဖွဲ့ဝင်များ မိုင်းပူးအွန်ကျေးရွာအုပ်စုတွင်းသို့လှုပ်ရှားကာ ဟွေနွတ်ကျေးရွာအနီးရှိ နွားစားကျက်တွင် လွှတ်ထားသည့် နွား ၁ ကောင်ကို ခိုးယူစားသောက်ခဲ့ပြီး လျော်ကြေးပေးဆောင်ခြင်းမရှိကြောင်း သိရသည်။

ခမရ (၅၈၀) တပ်ရင်းမှ တပ်သားများ ခိုးယူစားသောက်သည့် နွားပိုင်ရှင်မှာ ဖာမြင့်ကျေးရွာနေ လုံးကျောင်းအောင်ဖြစ်ပြီး လုံးကျောင်းအောင်မှ စီးပွားဖြစ် မွေးမြူထားခြင်းဖြစ်ပြီး ကာလတန်ဖိုး ၁၂ သိန်းကျော်ရှိကြောင်း ဒေသခံများက ဆိုသည်။

ထို့နောက် အဆိုပါ အင်အား ၂၇ ဦးရှိ ခမရ (၅၈၀) စစ်ကြောင်းသည် ဇန်နဝါရီလ ၆ ရက်နေ့တွင်လည်း မိုင်းပူးအွန်ကျေးရွာအုပ်စု ဝမ်ပေါင်ကျေးရွာတွင်းသို့ ဆက်လက်လှုပ်ရှားပြီး ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် မွေးမြူထားသည့် ကြောင် ၁ ကောင်ကို ခိုးယူစားသောက်ခဲ့ကြောင်း သိရသည်။

စီးပွားဖြစ် မွေးမြူထားသည့် အိမ်မွေးတိရိစ္ဆာန်များကို အစိုးရတပ်မတော်မှ ခိုးယူစားသောက်ခဲ့ကြောင်း ဒေသခံများဆို
သျှမ်းပြည်အရှေ့ပိုင်းတစ်နေရာတွင် စခန်းစောင့်နေသည့် အစိုးရတပ်မတော် တပ်ဖွဲ့ဝင်တစ်ဦး

၎င်းအပြင် မိုင်းပျဉ်းမြို့နှင့် မိုင်းပူးအွန်ကျေးရွာအုပ်စုကြားရှိ လွယ်ခီတောင်တွင် စခန်းချထားသည့် အစိုးရ တပ်မတော် ခြေမြန်တပ်ရင်း အမှတ် (၅၇၉) တပ်ရင်းသည် ထိုလမ်းကြောတစ်ဝှိုက်သို့ ဖြတ်သန်းသွားလာသည့် ဒေသခံများအား တင်းကြပ်စွာ စစ်ဆေးလျှက်ရှိကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ဆိုသည်။

အလားတူစွာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင်လည်း ခမရ (၅၈၀) တပ်ရင်းမှ တပ်သားများသည် မိုင်းပျဉ်းမြို့နယ် တုံတာမြို့နယ်ခွဲ မိုင်းသျှန်ကျေးရွာအုပ်စု နောင်ချစ်ကျေးရွာနေ စိုင်းဆိုင် စီးပွားဖြစ်မွေးမြူထား သော အလေးချိန် ၁၀ ပိဿာရှိ ဝက် ၁ ကောင်ကို လျော်ကြေးပေးဆောင်းခြင်းမရှိဘဲ ခိုးယူစားသောက်ခဲ့ကြောင်း သိရှိရသည်။

အစိုးရတပ်မတော် ခြေမြန်တပ်ရင်းအမှတ် (၂၇၉) တပ်ရင်း နှင့် ခြေမြန်တပ်ရင်းအမှတ် (၅၈၀) တပ်ရင်းတို့သည် မိုင်းခုတ်-မိုင်းဆတ်တွင် အခြေစိုက်ထားပြီး အမှတ်-၁၄  စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် ၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် (ကျိုင်းတုံ) လက်အောက်ခံတပ်ရင်းဖြစ်ကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း