စတုတ္ထအကြိမ်မြောက် အစိုးရနှင့် NCA-S EAO ညှိနှိုင်းရေးအစည်းအဝေးအား ယနေ့ကျင်းပ

စတုတ္ထအကြိမ်မြောက် အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ NCA-S EAO ညှိနှိုင်းရေးအစည်းအ၀ေးကို ယနေ့ ၂၀၂၀ ခုနှစ် ဇွန်လ ၂၃ ရက်နေ့ နံနက် ၁၀ နာရီတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အစည်းအဝေးအား ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရုံးတွင် ပြုလုပ်ကျင်းပခဲ့ပြီး   NCA-S EAO ညှိနှိုင်းရေးကိုယ်စားလှယ်များ  ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကိုယ်စားလှယ်များ ၊ အစိုးရတပ်မတော်ကိုယ်စားလှယ်များ များတက်ရောက်ခဲ့ပြီး COVID-19 ရောဂါကြောင့် NRPC ရုံးသို့ လာရောက်ခြင်းမရှိသည့် တချို့ NCA-S EAO ကိုယ်စားလှယ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များအား Online Video Conference တဆင့် တက်ရောက်ခဲ့ကြောင်း  သိရှိရသည်။

အစည်းအဝေး အစီအစဥ်အရ အမျိုးသာပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ပြည်ထောင်စုရှေ့နေ ဦးထွန်းထွန်းဦး နှင့် NCA-S EAO ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းတို့မှ အမှာစကားပြောကြားခဲ့ပြီနောက် UPDJC အစည်းအဝေးကျင်းပနိုင်ရေး ၊ JICM အစည်းအဝေးကျင်းပနိုင်ရေး ၊ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ တွင် ထည့်သွင်းချုပ်ဆိုမည့် အကြောင်းအရာများ နှင့် စတုတ္ထကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစု ပင်လုံအစည်းအဝေးကျင်းပရေးဆိုင်ရာ အချက်အလက်များအား အဓိကထား၍ ပြောဆိုဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

စတုတ္ထအကြိမ်မြောက် အစိုးရနှင့် NCA-S EAO ညှိနှိုင်းရေးအစည်းအဝေးအား ယနေ့ ၂၀၂၀ ခုနှစ် ဇွန်လ ၂၃ ရက်နေ့မှစ၍ ဇွန်လ ၂၅ ရက်နေ့အထိ ၃ ရက်တိတိ ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း