စတုတ္ထကြိမ်မြောက် ၂၁ ရာစု ပင်လုံ ညီလာခံတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ ချုပ်ဆိုနိုင်ခဲ့

ယနေ့ ၂၀၂၀ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗန်း ၂ တွင် ပြုလုပ်ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံစတုတ္ထအစည်းအဝေး၏ ၃ ရက်မြောက်နေ့တွင်  ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ ချုပ်ဆိုနိုင်ခဲ့ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံစတုတ္ထအစည်းအဝေးအောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါအခမ်းအနားအား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ၊   အစိုးရကိုယ်စားလှယ်များ ၊ လွတ်တော်ကိုယ်စားလှယ်များ ၊ တပ်မတော်ကိုယ်စားလှယ်များ ၊ အကျိုးဆောင်းအဖွဲ့များ နှင့် အထောက်အကူပြုပုဂ္ဂိုလ်များ စုစုပေါင်း ၄၂၂ ဦးတက်ရောက်ခဲ့ကြပြီး နိုင်ဟံသာ ၊ ဒုဗိုလ်ချုပ်ကြီး ရာပြည့် ၊ ဦးထွန်းထွန်းဦး ၊ ဦးခွန်မောင်သောင်း ၊ ဒေါ်ယဥ်ယဥ်မေ တိုမှ အခမ်းအနား သဘာပတိအဖြစ် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနား အစီအစဥ်အရ ဦးဆောင်သဘာပတိ နိုင်ဟံသာမှ တိုင်းရင်းသားပေါင်းစုံနှင့် ဖွဲ့စည်းထားသည့်နိုင်ငံမှာ လူမျိုးပေါင်းစုံ စည်းလုံညီညွတ်စွာ အတူတကွ ရေရှည်လက်တွဲသွားနိုင်ရေးကို အဓိကထားပြီး နည်းလမ်းရှာရမည်ကြောင်း၊ကျွန်တော်တို့ နိုင်ငံသားအားလုံးသည် လူမျိုးမတူ ၊ ကိုးကွယ်ယုံကြည်မှု သာသနာ မတူသော်လည်း လူသားအားလုံးဖြစ်ကြောင်း ၊ တူညီသည့် လူသားအချင်းချင်း ချစ်ကြည်ညီညွတ်စွာ အတူတကွ နေထိုင်သွားနိုင်ဖို့ရန် မတူညီသည့် လူမျိုး ၊ မတူညီသည့် ဘာသာ ၊ မတူညီသည့် သာသနာကြားမှာ တန်းတူညီမျှသည့် အခွင့်အရေးနှင့် လွတ်လပ်ခွင့်ရှိဖို့ရန် လိုအပ်ကြောင်း ဒါကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံကို စတင်တည်ထောင်တဲ့သည့် ပုဂ္ဂိုလ်များ ကတိပေးထားသည့်အတိုင်း တန်းတူညီမျှရေး ၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်တည်ဆောက်သွားရမည်ဖြစ်ကြောင်း အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃  ချုပ်ဆိုမည့် အချက်အလက်များဖြစ်သည့် အပိုင်း ၁ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA အကောင်ထည်ဖော်မှုဆိုင်ရာ မူပေါင်သဘောတူညီချက် ၁၅ ချက် ၊ အပိုင်း ၂  ၂၀၂၀ ခုနှစ်အလွန် အဆင့်လိုက်လုပ်ငန်းစဥ်များ နှင့် အဆင့်လိုက် အကောင်အထည်ဖော်မှု ဇယား ၁ အဆိုပြုချက်များ တင်သွင်းခြင်း ၊ အပိုင်း ၃ ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ် အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်များအခြေခံမူသဘောတူညီချက် ၅ ချက် တို့အား ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ အဖြစ်ချုပ်ဆိုရန် ထောက်ခံကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအစုအဖွဲ့ ၊ အစိုးရအစုအဖွဲ့ ၊ တပ်မတော်အစုအဖွဲ့ ၊ လွတ်တော်အစုအဖွဲ့ နှင့် နိုင်ငံရေးပါတီအစုအဖွဲ့ မှ တင်သွင်းခဲ့ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအစုအဖွဲ့ကိုယ်စားလှယ်အဖြစ် ဒေါက်တာ လျန်မှုန်းဆာခေါင်း ၊ အစိုးရအစုအဖွဲ့ ကိုယ်စားလှယ်အဖြစ် ဒေါက်တာ တင်မျိုးဝင်း ၊ တပ်မတော်အစုအဖွဲ့ ကိုယ်စားလှယ်အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်း ၊ လွတ်တော်အစုအဖွဲ့ အဖြစ် ဒေါက်တာ မေဝင်းမြင့် နှင့် နိုင်ငံရေးပါတီအစုအဖွဲ့ကိုယ်စားလှယ်အဖြစ် ဦးသုဝေတို့မှ လက်မှတ်ရေးထိုးပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအစုအဖွဲ့မှ တိုင်းရင်းသားကိုယ်စားလှယ် ကျာရှာမွေ နှင့်  ပါဝင်သင့်ပါဝင်ထိုက်သူများကိုယ်စားလှယ် ဒေါ်ခင်မမမျိုး ၊ အစိုးရအစုအဖွဲ့မှ တိုင်းရင်းသားကိုယ်စားလှယ် ဦးထုံဖူးဒဂုဏ် နှင့် ပါဝင်သင့် ပါဝင်ထိုက်သူများ ကိုယ်စားလှယ် ဦးကျော်ဝင်း ၊ နိုင်ငံရေးပါတီးများအစုအဖွဲ့မှ တိုင်းရင်းသားကိုယ်စားလှယ် ဦးဇီခန်ရမ် နှင့် ပါဝင်သင့် ပါဝင်ထိုက်သူများ ကိုယ်စားလှယ် နန်းအေးအေးသွယ် တို့မှ အသိသက်သေများအဖြစ် လက်မှတ်ရေးထိုးခဲ့ကြပါသည်။

ထို့နောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ကျေးဇူးတင်စကားပြောကြားပြီး နိဂုံးချုပ်အမှာစကားအား သဘာပတိ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ပြောကြားပြီးနောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီခံ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး အောင်မြင်ပြီးမြောက်စွာ ကျင်းပနိုင်ခဲ့ကြောင်း ညီလာခံ အကျိုးဆောင်အဖွဲ့မှ   ကြေညာခဲ့ပါသည်။

Taifreedom

Facebook

သတင်း