စစ်ကောင်စီကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံသည် ကမ္ဘာအလယ်တွင် ဂုဏ်သိက္ခာညှိုးနွမ်းမျက်နှာငယ်နေရကြောင်း ဗိုလ်ချုပ်ကြီး ယွက်စစ်ပြောကြား

ယနေ့ ၂၀၂၁ ခုနှစ် မေလ ၂၇ ရက်နေ့ နံနက်ပိုင်းအချိန်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO) ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့(PPST) (၁၆/၂၀၂၁) အစည်းအဝေးအား Online Conferencing ဖြင့် ပြုလုပ်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အစည်းအဝေးတွင် PPST ခေါင်းဆောင်များ ၊ ကိုယ်စားလှယ်များ ၊ အကြံပေးပုဂ္ဂိုလ်များ နှင့် NCA-S EAO ရုံးဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး အစည်းအဝေးအဖွင့်မိန့်ခွန်းအဖြစ် PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်မှ မိန့်ခွန်းပြောကြားခဲ့ပါသည်။

ဗိုလ်ချုပ်ကြီး ယွက်စစ်မှ တပ်မတော်ကနိုင်ငံတော်အာဏာကို အဓမ္မသိမ်းယူခဲ့သည်မှာ ၄ လတင်းတင်းပြည့်တော့မည်ဖြစ်ကြောင်း ၊ စစ်ကောင်စီ၏မတရားအုပ်ချုပ်တဲ့ကာလတွင်းတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့တွေကြောင့် အာဏာသိမ်းခြင်းကိုဆန့်ကျင်သော ပြည်သူလူထု ၈၀၀ ကျော်သေဆုံးခဲ့ရပြီး ၅၀၀၀ ကျော် ဥပဒေမဲ့ဖမ်းဆီးခံခဲ့ရသည်ကိုကြည့်မယ်ဆိုရင် နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်းတို့၏ အကြမ်းဖက်သည့်လုပ်ရပ်မှန်သမျှ ချက်ချင်းရပ်တန့်ပါဆိုသည့် တောင်းဆိုချက်အား စစ်ကောင်စီက မထေမဲ့မြင် မျက်ကွယ်ပြုခြင်းဖြစ်ကြောင်း နှင့် နိုင်ငံရေး ၊ ငြိမ်းချမ်းရေး ၊ အုပ်ချုပ်ရေး ၊ စီးပွားရေး ၊ ကူးသန်းရောင်းဝယ်ရေး ၊ ဘဏ္ဍာရေး ၊ ပညာရေး ၊ လုံခြုံရေး ၊ တရားဥပဒေစိုးမိုးရေး နှင့် အခြား ကဏ္ဍတွေမှာ အစစ အရာရာ ပျက်စီးယိုယွင်းကျဆင်းနေသည်မှာ စစ်ကောင်စီ၏ နည်းလမ်းမမှန်စီမံအုပ်ချုပ်ခြင်းကြောင့် သာဖြစ်ပါသည်။

ထို့အပြင် လက်ရှိနိုင်ငံရေးအကျပ်အတည်းအား အကြမ်းဖက်နည်းလမ်းဖြင့် ဖြေရှင်းသည့် စစ်ကောင်စီ၏လုပ်ရပ်သည် ပြည်တွင်းစစ်မီးကို ဟုန်းဟုန်းတောက်လောင်စေနိုင်တဲ့လုပ်ရပ်ဖြစ်ကြောင်း ၊ ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့၌ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ပြုလုပ်ကျင်းပခဲ့သည့် အာဆီယံခေါင်းဆောင်များ အထူးအစည်းအဝေး၏ ဘုံသဘောထားသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် အာဆီယံ၏ကြိုးပမ်းမှုအား စစ်ကောင်စီက ပူးပေါင်းဆောင်ရွက်မှုမပြုနိုင်ခြင်းဟာ နိုင်ငံရေးအကျပ်အတည်းအား ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေးကို အဟန့်အတားပြုခြင်းဖြစ်ကြောင်း နှင့် စစ်ကောင်စီ၏လုပ်ရပ်တွေကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာညှိုးနွမ်း မျက်နှာငယ်ရသည့်အဖြစ်ကို ရောက်ရှိနေပြီး အများ၏ ဖယ်ကြဥ်ခြင်း ခံနေရသည်ဟု အစည်းအဝေးမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO) ၏ ငြိမ်းချမ်းရေးလုပ်ငန်စဥ်ဦးဆောင်အဖွဲ့(PPST) (၁၆/၂၀၂၁) အစည်းအဝေးတွင် လက်ရှိဆောင်ရွက်နေသည့် PPST လုပ်ငန်းစဥ်များ နှင့် PPST ရှေ့ဆက်လုပ်ငန်းစဥ်များအား အဓိကထားပြီး ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ  NCA-S EAO အဖွဲ့ဝင် ၁၀ ဖွဲ့မှာ ကရင် အမျိုးသား အစည်းအရုံး(KNU) ၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) ၊ ချင်း အမျိုးသား တပ်ဦး(CNF) ၊ မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) ၊ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော်(DKBA) ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) ၊ မွန်ပြည်သစ်ပါတီ(NMSP) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့ဖြစ်ကြပါသည်။

Taifreedom

Facebook

သတင်း