ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ PPST အစည်းအဝေးအား ထိုင်းနိုင်ငံတွင် ပြုလုပ်ကျင်းပ

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(NCA-S EAO)၏ (၉) ကြိမ်မြောက် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ PPST အစည်းအဝေးအား ထိုင်းနိုင်ငံ ချင်းမိုင်းမြို့တွင် ယနေ့ ၂၀၂၀ ခုနှစ် မတ်လ ၂ ရက်နေ့တွင် စတင်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ အစည်းအ‌‌ဝေးသို့ PPST ခေါင်းဆောင်များ ၊ ကိုယ်စားလှယ်အဖွဲ့များ ၊ အကြံပေးပုဂ္ဂိုလ်များ ၊ နည်းပညာအထောက်အကူပြု ပုဂ္ဂိုလ်များ နှင့် NCA-S EAO ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင်းတွင် NCA-S EAO ညှိနှိုင်းရေးအဖွဲ့နှင့် အစိုးရ တို့ ညှိနှိုင်းဆွေးနွေးပွဲတို့၏ ရလဒ်များအား အဓိကအလေးထားပြီး ဆွေးနွေးသည့်အပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ၏ စတုတ္ထကြိမ်မြောက် အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်မှုများ ၊ UPDJC နှင့် JMC အစည်းအဝေးဆိုင်ရာ ကိစ္စရပ်များ ၊ အမျိုးသားအဆင့် နိုင်ငံရေးဆေးနွေးပွဲအတွက် အခင်းအကျင်းများ ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွင် အားလုံးပါဝင်နိုင်ရေး စသည့်အချက်များဖြင့် ဆွေးနွေးသွားမည်ဟု သတင်းရရှိသည်။

၎င်းအစည်းအဝေး၏ အဖွင့်မိန့်ခွန်းအား PPST ယာယီခေါင်းဆောင် / သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်မှ ပြောကြားခဲ့ပါသည်။

NCA-S EAO ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ PPST (၉) ကြိမ်မြောက် အစည်းအဝေးအား ယနေ့ ၂၀၂၀ ခုနှစ် မတ်လ ၂ ရက်နေ့မှ မနက်ဖြန် ၂၀၂၀ ခုနှစ် မတ်လ ၃ ရက်နေ့အထိ ပြုလုပ်ကျင်းပသွားမည်ဟု သိရှိရသည်။

တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ  NCA-S EAO အဖွဲ့ဝင် ၁၀ ဖွဲ့မှာ ကရင် အမျိုးသား အစည်းအရုံး(KNU) ၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) ၊ ချင်း အမျိုးသား တပ်ဦး(CNF) ၊ မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) ၊ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော်(DKBA) ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) ၊ မွန်ပြည်သစ်ပါတီ(NMSP) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့ဖြစ်ကြပါသည်။

Taifreedom

Facebook

သတင်း