ချိင်းမိုင်မြို့တွင် NCA-S EAO၏ စတုတ္ထအကြိမ်မြောက် ညီလာခံ (ဒုတိယပိုင်း) ပြုလုပ်ကျင်းပ

NCA-S EAOတို့၏ စတုတ္ထအကြိမ်မြောက် ညီလာခံ (ဒုတိယပိုင်း) ဖွင့်ပွဲအခမ်းအနားအား ယနေ့ ၂၀၂၂ ခုနှစ် မတ်လ ၂၉ ရက်နေ့ ထိုင်နိုင်ငံ ချင်းမိုင်မြို့တွင် အောင်မြင်ပြီးမြောက်စွာ ကျင်းပနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ညီလာခံဖွင့်ပွဲအခမ်းအနား မျက်နှာချင်းဆိုင်နှင့် Video Conferencing နည်းနှစ်မျိုးဖြင့် ကျင်းပလျက်ရှိပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)  အဖွဲ့ဝင် ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင် အဖွဲ့၏ ဦးဆောင်မှုအလုပ်အဖွဲ့မှ အဖွဲ့ဝင်များ၊ PPST ၏ အကြံပေးပုဂ္ဂိုလ်၊ NCA-S EAO မှ ခေါင်းဆောင်ကိုယ်စားလှယ်များ၊ NCA-S EAO ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ၏ ဦးဆောင်မှု မြှင့်တင်ရေးအစီအစဉ် (WLPP)မှ ညှိနှိုင်းရေးမှူး၊ နိုင်ငံတကာ သံတမန်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် လေ့လာသူများ စုံစုံညီညီ တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

ညီလာခံဖွင့်ပွဲအခမ်းအနားဦးဆောင်သဘာပတိများအဖြစ် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ၏ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ဟံသာ တို့က ဆောင်ရွက်ခဲ့ကြပြီး ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့်  ဗိုလ်ချုပ်ကြီး ယွက်စစ်တို့က ညီလာခံဖွင့်ပွဲအခမ်းအနား အဖွင့်အမှာစကားများအား အသီးသီး ပြောကြားခဲ့ကြသည်။

ထို့အပြင် အထူးဖိတ်ကြားထားသူများဖြစ်သည့်   မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံသံအမတ်ကြီး Mr. Francois Lafreniere ၊ မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံသံအမတ်ကြီး Mr. Pekka  Shemeikka၊ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး Ms. Hilde Solbakken၊ ဩစတြေးလျနိုင်ငံမှ သံတမန်ဖြစ်သူ Mr. Bryan Bong၊ အီတလီနိုင်ငံမှ Deputy Head of Mission ဖြစ်သူ Mr. Andrea Ferrara၊ ဆွစ်ဇာလန်နိုင်ငံမှ လူသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Mr. Thomas Meier Nidecker နှင့် USAID မှ ယာယီဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. Pamela Fessendenမှ ညီလာခံဖွင့်ပွဲအခမ်းအနား နှုတ်ခွန်းဆက် အမှာစကားများပြောကြားခဲ့ပြီး မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ဟံသာက ညီလာခံဖွင့်ပွဲအခမ်းအနား၏ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ( NCA ) လက်မှတ်ရေးထိုး ထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ စတုတ္ထအကြိမ် ထိပ်သီး ခေါင်းဆောင်များညီလာခံ (ဒုတိယပိုင်း) အား ၂၀၂၂ ခုနှစ် မတ်လ ၂၉ ရက်နေ့မှ စတင်ပြီး လာမည့် ဧပြီလ ၂ ရက်နေ့အထိ မျက်နှာချင်းဆိုင်နှင့် Video Conferencing နည်းနှစ်မျိုးဖြင့် ဆက်လက် ကျင်းပသွားမည်ဖြစ်ပါသည်။

Taifreedom

Facebook

သတင်း