ကျောက်မဲမြို့နယ် RCSS/SSA ဆက်ဆံရေးရုံး မိုင်းဖောက်ခွဲခံရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ်ရှိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မ‌တော် RCSS/SSA ၏ ဆက်ဆံရေးရုံးအား မိုင်းဖောက်ခွဲ အကြမ်းဖက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၀၆:၁၀ နာရီ၌ ‌ကျောက်မဲမြို့ ရပ်ကွက် ၉ တွင်တည်ရှိသည့် RCSS/SSA ဆက်ဆံရေးရုံးအား အမည်မသိ ၊ အဖွဲ့အစည်းမသိလူမှ လက်လုပ်မိုင်းဖြင့် လာရောက်ဖောက်ခွဲခဲ့သောကြောင့် အိမ်ရှေ့သံတခါး နှင့် မော်တော်ယာဥ်များ ပျက်စီးဆုံးရှုံးခဲ့ရ‌သော်လည်း ကံကောင်းစွာဖြင့် ရုံးဝန်ထမ်းများ ဒဏ်ရာတစ်စုံတစ်ရာမျှ ရရှိခြင်းမရှိခဲ့ကြောင်း သတင်းရရှိသည်။

ဤကိစ္စနှင့် ပတ်သက်၍ RCSS/SSA ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူး နန်းမိုးအား ဆက်သွယ်မေးမြန်းရာ မီးယမ်းအား ၄ လက်မပိုက်ထဲထည့်၍ ပြုလုပ်ထားသည့် လက်လုပ်မိုင်းသာဖြစ်ပြီး အိမ်ရှေ့သံတံခါးတွင် ဖောက်ခွဲခဲ့သဖြင့် မော်တော်ယျာဥ်များနှင့် အိမ်အသုံးအဆောင်ပစ္စည်းတချို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ပြောပြခဲ့ပါသည်။

ပျက်စီးဆုံးရှုံးသည့် ပစ္စည်းများမှာ ကား ၂ စီး နှင့် ဆိုင်ကယ် ၁ စီး ပျက်စီးဆုံးရှုံးသည့်အပြင် အိမ်ရှေ့သံတံခါး နှင့် အိမ်ပြတင်းပေါက်မှန်များ ပျက်စီးဆုံးရှုံးခဲ့ရပြီး ယခုလက်ရှိအချိန်မှာတော့ ရဲတပ်ဖွဲ့ နှင့် တာဝန်ရှိသူများ လာရောက်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် ဆက်ဆံရေးရုံးသည် RCSS/SSA တပ်ဖွဲ့မှ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးပြီးနောက် အဘက်ဘက်မှ ဆက်သွယ်မှုလွယ်ကူစေရန်အတွက် ရည်ရွယ်ချက်ဖြင့် သျှမ်းပြည်မြောက်ပိုင်း ၊ သျှမ်းပြည်တောင်ပိုင်း နှင့် သျှမ်းပြည်အရှေ့ပိုင်း အစရှိသည့်ဒေသများတွင် RCSS/SSA ဆက်ဆံရေးရုံးများ ဖွင့်လှစ်ထားခြင်းဖြစ်ပါသည်။

Taifreedom

Facebook

သတင်း