ကျောက်မဲမြို့နယ် ဒေသခံပြည်သူများထံ SSPP နှင့် TNLA တပ်ဖွဲ့တို့မှ အဓမ္မဆက်ကြေးကောက်ခံ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ်တွင် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်များဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် တအောင်းလွတ် မြောက်ရေးပါတီ(TNLA) တပ်ဖွဲ့တို့မှ ဒေသခံပြည်သူများထံ အဓမ္မဆက်ကြေး ကောက်ခံမှုရှိကြောင်း သတင်းရရှိသည်။

၂၀၂၂ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ကျောက်မဲမြို့နယ် ပန်ကွန်ကျေးရွာဘက်သို့ လက်ဖက်ခြောက် တင်ဆောင်ရန်အတွက် မိုင်းတင်းကျေးရွာအုပ်စု ဒေသခံပြည်သူများသည် ကားဖြင့် လွယ်ကုန်ကျေးရွာအုပ်စုရှိ TNLA တပ်ဖွဲ့၏ စစ်ဆေးရေးဂိတ် ဖြတ်သန်းရာတွင် TNLA တပ်ဖွဲ့မှ ဒေသခံများထံ တစ်နှစ်သာအတွက် ကားတစ်စီးလျှင် ကျပ် ၁ သိန်း ပေးဆောင်ရမည်ဟု အဓမ္မဆက်ကြေးကောက်ခံမှု ပြုလုပ်ခဲ့ကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရပါသည်။

ထို့အပြင် ၂၀၂၂ ခုနှစ် မတ်လ ၇ ရက်နေ့တွင်လည်း သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စုတွင် SSPP/SSA တပ်ဖွဲ့မှ ဒေသခံပြည်သူများထံ ဆန် ၄၀၀ အိတ် အဓမ္မ ဆက်ကြေးကောက်ခံသည့်အပြင် TNLA တပ်ဖွဲ့မှလည်း မိုင်းတင်းကျေးရွာအုပ်စု ဒေသခံပြည်သူများထံ ငွေကျပ်သိန်း ၂၀ အဓမ္မဆက်ကြေးကောက်ခံခဲ့ကြောင်း သိရှိရပါသည်။

ဤကိစ္စနှင့် ပတ်သက်၍ TNLA တပ်ဖွဲ့မှလည်း မိုင်းတင်းကျေးရွာအုပ်စုဒေသခံပြည်သူများအား ငွေကျပ်သိန်း ၂၀ အဓမ္မဆက်ကြေး ကောက်ခံသည်မှာ မှန်ကန်ကြောင်း နှင့် SSPP/SSA တပ်ဖွဲ့မှ ဆန် ၄၀၀ အိတ် အဓမ္မဆက်ကြေးကောက်ခံခြင်းနှင့် ပတ်သင်၍ အစပိုင်းတွင် ဆန် ၄၀၀ အိတ်ပေးဆောင်ရမည်ဟု ပြောကြားသော်လည်း အမှန်တကယ်ပေးဆောင်ရာတွင် ဆန်ကိုလက်ခံခြင်းမရှိပဲ ဆန် ၄၀၀ အိတ်နှင့် ညီမျှသည့် ငွေးသားသာလျှင် လက်ခံမည်ဟု SSPP/SSA တပ်ဖွဲ့မှ ပြန်လည်ပြောကြားလာခဲ့ကြောင်း ဒေသခံတစ်ဦးမှ Taifreedom သတင်းဌာနသို့ ပြောပြခဲ့ပါသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင်လည်း သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် TNLA တပ်သားများသည် စစ်ဝတ်စုံ လက်နက်အပြည့်အစုံဖြစ် နမ့်ခမ်းမြို့မစျေးတွင်း ဝင်ရောက်လာပြီး ဆက်ကြေးကောက်ခံသည့် စာရွက်စာတမ်းများအား လိုက်ဝေငှသည့် ဖြစ်ရပ်ဖြစ်ပွားခဲ့သည်။

Taifreedom

Facebook

သတင်း