ကျောက်မဲမြို့နယ်တွင် အစိုးရတပ်မတော်မှ အပြစ်မဲ့ ဒေသခံပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြိုန့ယ်တွင် အစိုးရတပ်မတော်မှ အပြစ်မဲ့ ဒေသခံပြည်သူ တစ်ဦးအား ပစ်သတ်ခြင်း၊ လမ်းပြအဖြစ် ခေါ်ဆောင်လာသည့် ဒေသခံတစ်ဦးအား  ရိုက်နှက်ခြင်း နှင့် ဒေသခံနေအိမ်များအား သေနတ်ဖြင့် ပစ်ခတ်သောကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရရှိစေခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

၂၀၂၀ ခုနှစ် ဇွန်လ ၂၉ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲအချိန်၌ အစိုးရတပ်မတော် အမှတ် ၂၃ ခြေလျင်တပ်ရင်း (ခလရ-၂၃)သည် ကျောက်မဲမြို့နယ် အက်ကြီးကျေးရွာသို့ ဝင်ရောက်လှုပ်ရှားကာ ဒေသခံတစ်ဦးဖြစ်သည့် လုံးမောင်ခေအား လမ်းပြအဖြစ် အဓမ္မခေါ်ဆောင်သွားသည့်အပြင် အက်ကြီးကျေးရွာတွင်းမှ မထွက်ခွာမီ ပါနိုင်းဆိုင်၏ နေအိမ်အား အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်ရာ နေအိမ်တွင်းရှိ ပါနိုင်းဆိုင်မှာ ခါး ၊ ဘယ်ဘက်ခြေထောက်တို့တွင် သေနတ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ပန်ကန်ကျေးရွာသို့ ရောက်သွားချိန်၌ အစိုးရတပ်မတော်မှ လမ်းပြ လုံးမောင်ခေအား ဒီရွာမှာ လူရှိသေးလားလို့ မေးမြန်းရာ လုံးမောင်ခေလည်း ‌ ရွာသားများ အန္တရာယ်ကင်းရာသို့  ရွှေ့ပြောင်းသွားလောက်ပြီ လူရှိမည်မထင်ဟု ကြောက်ရွံ့စွာ ပြန်လည်ဖြေကြားရာ ခဏအကြာတွင် ရွာသား လုံးဆု အသက် ၆၀ နှစ်အား ကျေးရွာအတွင်းမှ ထွက်ပြေးသွားသည်ကို အစိုးရတပ်မတော်က မြင်တွေ့သွားသဖြင့် လုံးဆုကို ရည်ရွယ်ချက်ရှိရှိ သေနတ်ဖြင့် ပစ်သတ်ပြီး လမ်းပြ လုံးမောင်ခေကိုလည်း လိမ်လည်ပြောကြားသည်ဟု စွပ်စွဲကာ သတိလစ်သည်အထိ အစိုးရတပ်မတော်မှ ပြင်းထန်စွာ ကန်ကျောက်ရိုက်နှက်ခဲ့သည်။

အစိုးရတပ်မတော်၏ ပစ်ခတ်မှုကြောင့် လုံးဆုမှာ ထိုနေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကာ အလောင်းကို မြို့နယ် ပရဟိတအသင်းမှ ကျောက်မဲမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်းသိရသည်။

ထိုကိစ္စနှင့်ပတ်သက်၍  လုံးဆုအား အစိုးရတပ်မတော်မှ သေနတ်ဖြင့်ပစ်ခတ်သောကြောင့် ဆုံးသွားပြီဆိုသည့် သတင်းကြားပြီးနောက် ကျန်ရစ်သူ မိသားစုဝင်များလည်း လွန်စွာဝမ်းနည်းကြေကွဲနေရကြောင်း ၊ လုံးမောင်ခေ နှင့် ပါနိုင်းဆိုင်တို့လည်း ဒေသခံများမှ ၎င်းတို့အား ကျောက်မဲမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေကြောင်း ဒေသခံ၏ သတင်းပေးပို့ချက်အရ သိရသည်။

အစိုးရတပ်မတော်မှ အပြစ်မဲ့ဒေသခံပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ပတ်သက်၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ အပိုင်း ၃ အခန်း ၃ အပိုဒ် ၉ (ကမှ ထ အထိ) တွင်ပါရှိသည့် အရပ်သားများကို အကာအကွယ်ပေးခြင်း ဆိုသည့်အချက်အား ချိုးဖောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ သီပေါမြို့ အခြေစိုက် အမှတ် ၂၃ ခြေလျင်တပ်ရင်း(ခလရ-၂၃)သည်  အမှတ် ၁ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် (စကခ-၁) ၊ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာချုပ်(ရမခ) လားရှိုး လက်အောက်ခံတပ်ရင်းဖြစ်သည်။

Taifreedom

Facebook

သတင်း