ကျောက်မဲမြို့နယ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုအပေါ် ကန့်ကွက်သည့်အနေဖြင့် ဒေသခံများမှ လမ်းလျှောက်ဆန္ဒပြ

ယနေ့ ၂၀၂၀ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းအချိန်၌ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် ဒေသခံပြည်သူများမှ အစိုးရတပ်မတော်၏ လူ့အခွင့်အရေးချိုးဖောက်သည့် လုပ်ရပ်များအပေါ် ကန့်ကွက်သည့်အနေဖြင့် လမ်းလျှောက်ဆန္ဒပြခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ၂၀၂၀ ခုနှစ် ဇွန်လ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဟဲကွီကျေးရွာအုပ်စုတွင် အစိုးရတပ်မတော် နှင့် သျှမ်းပြည်ပြည်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA တိုက်ပွဲဖြစ်ပွားပြီး ၂၀၂၀ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် တပ်မတော် အမှတ် ၂၃ ခြေမြန်တပ်ရင်း(ခလရ-၂၃ ) မှ ပန်ကန်ကျေးရွာဒေသခံ လုံးဆု အား ကျေးရွာမှ ထွက်ပြေးသွားသည်ကို မြင်တွေ့သဖြင့် သေနတ်ဖြင့် ပစ်သတ်ပြီး လမ်းပြအဖြစ်အဓမ္မခေါ်ဆောင်လာသည့် အက်ကြီးကျေးရွာဒေသခံ လုံးမောင်ခေအား သတိလစ်သည်အထိ ပြင်းထန်စွာရိုက်နှက်ခဲ့ခြင်းနှင့် အက်ကြီးဒေသခံ ပါနိုင်းဆိုင်၏နေအိမ်အား အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်ရာ ပါနိုင်းဆိုင်မှာ ခါး၊ဘယ်ဘက်ခြေထောက်တို့တွင် သေနတ်ထိခိုက် ဒဏ်ရာရရှိခဲ့ခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့ပါသည်။

အဆိုပါ အစိုးရတပ်မတော်မှ ဒေသခံပြည်သူများအပေါ်  လူ့အခွင့်အရေးချိုးဖောက်မှုလုပ်ရပ်များ ကန့်ကွက်သည့်အနေဖြင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် သံဃာတော်များနှင့်  ဒေသခံပြည်သူလူထု စုစုပေါင်း  ၃ သောင်းကျော်ခန့်မှ ကျောက်မဲမြို့နယ် ခိုမုန်းကျေးရွာတောက်ပိုင်းရှိ စက်သုံးဆီအရောင်းဆိုင်မှ စတင်စုဝေးပြီး ကျောက်မဲမြို့တွင်းအထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြောင်း သိရသည်။

လမ်းလျှောက်ဆန္ဒပြသည့် ဒေသခံပြည်သူများ ကျောက်မဲမြို့အဝင်လမ်းအရောက်တွင် အစိုးရရဲတပ်ဖွဲ့မှ ကျောက်မဲမြို့တွင်း ဆန္ဒပြခွင်းပေးခြင်းမရှိသည့်အပြင် ကျောက်မဲအဝင်လမ်းတွင်လည်း သံရှူးများဖြင့် ကာရံထားသည်ကို တွေ့ရှိရသဖြင့် လမ်းလျှောက်ဆန္ဒပြသည့် ဒေသခံပြည်သူမှ တာဝန်ရှိပုဂ္ဂိုလ်နှင့် အစိုးရတပ်မတော် တာဝန်ရှိပုဂ္ဂိုလ်တို့ တွေ့ဆုံဆွေးနွေးကာ ကျောက်မဲမြို့တွင်း ဆန္ဒပြခွင့်ပြုခဲ့ပြီး လမ်းလျှောက်ဆန္ဒပြပွဲအား နံနက် ၁၁ နာရီတွင် ပြီးဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

ထို့အပြင် ၂၀၂၀ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင်လည်း ကျောက်မဲခရိုင် လွတ်တော်ကိုယ်စားလှယ်များရုံးမှ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌထံသို့  အစိုးရတပ်မတော်မှ သေနတ်ဖြင့် ပစ်ခတ်မှုတွင် ဒေသခံအရပ်သားများ သေဆုံး/ဒဏ်ရာ ရရှိခဲ့မှုအပေါ် စုံစမ်းစစ်ဆေးပေပါရန် မေတ္တာရပ်ခံစာစောင်ပေးပို့ခဲ့ပါသည်။

Taifreedom

Facebook

သတင်း