ကျောက်မဲမြို့နယ်တွင် တပ်မတော်မှ ၆၀ မမ လက်နက်ကြီးများ ပစ်ခတ်နိုင်ရန် အသင့်ပြင်ဆင်ထား

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ် ကောင်းလန်းကျေးရွာအုပ်စုတွင် အစိုးရတပ်မတော်မှ ဘုန်းတော်ကြီးကျောင်းတွင်း ခေတ္တစခန်းချထားပြီး ၆၀ မမ လက်နက်ကြီးများ အချိန်မရွေး ပစ်ခတ်နိုင်ရန် အသင့်ပြင်ဆင်ထားသည်ကိုတွေ့ရှိရကြောင်း သတင်းရရှိသည်။

ဤသတင်းနှင့် ပတ်သက်၍ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကောင်းလန်းကျေးရွာအုပ်စု ကောင်းလန်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားမှုမရှိပဲ အမှတ် ၁၃၆ ခြေလျင်တပ်ရင်း (ခလရ-၁၃၆)သည် ကျေးရွာဘုန်းတော်ကြီးကျောင်းနယ်မြေအတွင်း  ခေတ္တစခန်းချထားသည့်အပြင် ၆၀ မမ လက်နက်ကြီးများ အသင့်ပြင်ဆင်ထားကြောင်း ၊ မည်သည့်အကြောင်းများကြောင့် ၆၀ မမ လက်နက်ကြီးအား ပစ်ခတ်နိုင်ရန် အသင့်ပြင်ဆင်ထားသည်ကို သိရှိခြင်းမရှိကြောင်း နှင့် ဒေသခံပြည်သူများအနေဖြင့် တပ်မ‌တော်မှ အရင်ကလို လက်နက်ကြီးများ ရမ်းတမ်းပစ်ခတ်မည်ကို စိုးရိမ်ကြောင်းကျနေကြောင်း ဒေသခံပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရပါသည်။

အမှတ် ၁၃၆ ခြေလျင်တပ်ရင်း (ခလရ-၁၃၆)သည် တန့်ယန်းမြို့နယ် ပိုင်းပတ်အုပ်စုတွင် အခြေစိုက်သည့် တပ်ရင်းဖြစ်သည်။

တပ်မတော်မှ ဘုန်းတော်ကြီးကျောင်းတွင်း ခေတ္တစခန်းချထားပြီး ၆၀ မမ လက်နက်ကြီးများ အချိန်မရွေး ပစ်ခတ်နိုင်ရန် အသင့်ပြင်ဆင်ထားသည် ဆိုသည့်ကိစ္စနှင့် ပတ်သက်၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ အပိုင်း ၃ အခန်း ၃ အပိုဒ် ၅ (ဃ)တွင် ပါရှိသည့် ဘာသာရေးဆောက်အအုံ၊ စာသင်ကျောင်း ၊ ဆေးရုံ ၊ ဆေးခန်း ၊ ပရဝုဏ်များအတွင်းနှင့် ယဥ်ကျေးမှုရိုးရာဓလေ့ဆိုင်ရာနေရာ ၊ လူထုနှင့် ပတ်သက်သောနေရာများတွင် စစ်ရေးဆိုင်ရာစခန်းချခြင်း မပြုလုပ်ရန်ဟူသည့်အချက်အား ကျူးလွန်ချိုးဖောက်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာအုပ်စု တောင်ထိပ်ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် စေတနာရှင်ပြည်သူလူထုများမှ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ဒေသခံများအတွက် စားသောက်ကုန်ပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများ လာရောက်ကူညီမည်ဖြစ်သဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးမှ ဒေသခံများသိရှိစေရန် ကျေးရွာဘုန်းတော်ကြီးကျောင်းရှိ အသံချဲ့စက်ဖြင့် ဒေသခံပြည်သူများအား အသိပေးကြေညာနေစဥ် ကျေးရွာတွင်းနေအိမ်တချို့တွင် တည်းခိုနေသည့် တပ်မတော်သားတစ်ချို့မှ အသံကြားရ၍ ကျေးရွာဘုန်းတော်ကြီးကျောင်းဘက်သို့ ၆၀ မမ လက်နက်ကြီးတစ်လုံးအပါအဝင် လက်နတ်ကြီးငယ်များ ရမ်းတမ်းပစ်ခတ်ပြီး ဒေသခံပြည်သူများ၏ နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့သည့် ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ဖူးပြီဖြစ်သည်။

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးနောက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မ‌တော် RCSS/SSA ထိန်းချုပ်ရာနယ်မြေတွင်းတွင် အစိုးရတပ်အတော်မှ အင်းအားဖြည့်တင်းမှုတွေ ရှိနေသည်ကို တွေ့ရှိရသဖြင့်  တပ်မတော်သည် တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA) အပေါ် အလေးမထားသည့် အသွင်သဏ္ဍန်ပြနေခြင်းဖြစ်ပြီး တပ်မတော်သည် တည်ငြိမ် ကြံ့ခိုင်သည့် ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားပါရဲ့လားဟု ဒေသခံတိုင်းရင်းသားအများစု၏ စိတ်ထဲတွင် တွေဝေသည့်မေးခွန်းများ ပေါ်ထွက်နေပါသည်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီခန့်တွင်လည်း သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စုအနီးရှိ လွယ်နမ့်ဝိုးတောင်အနီးတစ်ဝှက်တွင်  လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်သံများ ကြားနေရကြောင်း ၊ မည်သည့်အဖွဲ့အစည်းမှ ပစ်ခတ်ခဲ့သည်ကို သိရှိခြင်းမရှိသေးကြောင်း ၊ ထိုနေရာ အနီးတစ်ဝှက်တွင် TNLA တပ်ဖွဲ့နှင့်  KIAတပ်ဖွဲ့သာ သွားလာလှုပ်ရှားနေကြောင်း ၊ ပြီးခဲ့သည့် ၂ ရက်လောက်တွင်လည်း အစိုးရတပ်မတော်မှ ကား ၂ စီးဖြစ် စယ်လန့်ကျေးရွာအုပ်စုတွင် ခေတ္တစခန်းချခဲ့ကြောင်း ဒေသခံပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

Taifreedom

Facebook

သတင်း