ကျောက်မဲမြို့နယ်တွင် တပ်မတော်နှင့် RCSS/SSA တို့ တိုက်ပွဲထပ်မံဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မော်မကျေးရွာအုပ်စုတွင် အစိုးရတပ်မတော် နှင့် RCSS/SSA တို့ ထိပ်တိုက်တွေ့ဆုံ၍ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားသောကြောင့် ဒေသခံပြည်သူများမှ ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ၂၀၂၀ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အစိုးရတပ်မတော် အမှတ် ၁၀၁ ခြေလျင်တပ်ရင်း (ခလရ ၁၀၁ ) မှ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မော်မကျေးရွာအုပ်စု ကုန်းညှောင့်ကျေးရွာအနီးတွင် နယ်မြေစစ်ဆေးနေသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA နယ်မြေခံတပ်ရင်းနှင့် ထိပ်တိုက်တွေ့ဆုံမိသဖြင့် ပစ်ခတ်တိုက်ခိုက်မှု မိနစ် ၂၀ ခန့် ဖြစ်ပွားခဲ့ရကြောင်း သိရှိရသည်။

ပစ်ခတ်မှုနှင့် ပတ်သက်၍ RCSS/SSA ဘက်မှ ထိခိုက်ဆုံးရှုံးမှုမရှိသည့်အပြင် တပ်မတော်၏ ထိခိုက်ဆုံးရှုံးမှုလည်း သိရှိခြင်းမရှိကြောင်း သတင်းရရှိသည်။

၎င်းပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားသည့် အနီးတစ်ဝှက်တွင် နေထိုင်ကြသော ဒေသခံပြည်သူများမှ ဘေးကင်းရာဖြစ်သည့် ကုန်းညှောင့်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ရွှေ့ပြောင်းသွားကြပြီးဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဟဲကွီကျေးရွာအုပ်စုတွင် အစိုးရတပ်မတော် နှင့် သျှမ်းပြည်ပြည်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA တိုက်ပွဲဖြစ်ပွားပြီး ၂၀၂၀ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် တပ်မတော် အမှတ် ၂၃ ခြေမြန်တပ်ရင်း(ခလရ-၂၃ ) ဒေသခံပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်သည့် လုပ်ရပ်များ ကျူးလွန်ခဲ့သောကြောင့် ကျောက်မဲမြို့နယ်‌မှ ပြည်သူလူထု ၃ သောင်းခန့် မှ အစိုးရတပ်မတော်၏ လူ့အခွင့်အရေးချိုးဖောက်သည့် လုပ်ရပ်များအပေါ် ကန့်ကွက်သည့်အနေဖြင့် လမ်းလျှောက်ဆန္ဒပြခဲ့ပါသည်။

Taifreedom

Facebook

သတင်း