TNLA တပ်ဖွဲ့မှ အပြစ်မဲ့ပြည်သူအား စွပ်စွဲဖမ်းဆီး

TNLA တပ်ဖွဲ့မှ ဒေသခံပြည်သူ ၂ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားသည့်အပြင် ဒေသခံပြည်သူများ၏ မော်တော်ဆိုင်ကယ်များ ပျက်စီးသည်အထိ အသုံးပြုကာ ပြန်လည်ပြုပြင်ပေးခြင်း ၊ လျော်ကြေးပေးခြင်းမရှိကြောင်း နှင့် ကျိုင်းတောင်းမြို့နယ်တွင် အစိုးရတပ်မတော်မှ ဒေသခံများအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း  သတင်းရရှိသည်။

၂၀၂၀ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့တွင် ကျောက်မဲခရိုင် မိုင်းလုံမြို့နယ် ပန်မတ်မီးကျေးရွာအုပ်စု ဇာတိ(အောက်)ကျေးရွာနေ စိုင်းဗန်း နှင့် စိုင်းလီတို့နှစ်ဦးအား TNLA တပ်ဖွဲ့မှ လွယ်ရင်တောင်ရှိ ၎င်းတို့၏ တပ်စခန်းသို့ ဖမ်းဆီးခေါ်ဆောင် ထိန်းချုပ်ထားပြီး ယခုအချိန်ထိ ပြန်လည်လွတ်ပေးခြင်းမရှိသည့်အပြင် ၎င်းတို့နှစ်ဦးနှင့် ပတ်သက်သည့် သတင်းတစ်စုံတစ်ရာ ရရှိခြင်းမရှိခဲ့ပါ။ 

TNLA တပ်ဖွဲ့မှ အပြစ်မဲ့ပြည်သူများအား စွပ်စွဲဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်ရပ်နှင့် ပတ်သက်၍ ဇာတိ(အောက် ) ကျေးရွာနေ ဒေသခံပြည်သူများမှ မိမိတို့၏ လုံခြုံရေးအတွက် စိတ်မချရသဖြင့် နေအိမ်စွန့်ခွာ၍ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်တည်းခိုကာ လက်ရှိအချိန်ထိ ကျေးရွာသို့ ပြန်သွားခြင်းမရှိသေကြောင်း ဒေသခံပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

၎င်းမှ ဆက်လက်၍ ၅ လသာ အချိန်ကာလအတွင်းတွင်  ဇာတိ(အောက်)ကျေးရွာ ၊ ဇာတိ(အထက်)ကျေးရွာ နှင့် ပန်မတ်မီးကျေးရွာ ဒေသခံပြည်သူများ၏ မော်တော်ဆိုင်ကယ်များအား TNLA တပ်ဖွဲ့မှ မော်တော်ဆိုင်ကယ်ပျက်စီးသည်အထိ အသုံးပြုခဲ့ပြီး ပြန်လည်ပြုပြင်ပေးခြင်းမရှိသည့်အပြင် လျော်ကြေးငွေပေးဆောင်ခြင်းလည်းမရှိခဲ့ကြောင်း ပြောပြခဲ့ပါသည်။

၂၀၂၀ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် အစိုရတပ်မတော်မှ တောင်ပလို့ကျေးရွာတွင် အင်းအားဖြည့်မှုရှိပြီး TNLA တပ်ဖွဲ့သည်လည်း တော့ဆန်ကျေးရွာ ၊ ပန်မတ်မီးကျေးရွာ နှင့် လွယ်ရင်တောင် စသည့် နေရာများတွင် စစ်ရေးလှုပ်ရှားမှုရှိသဖြင့် နယ်မြေတွင်းနေထိုင်သည့် ဒေသခံများမှာ တိုက်ပွဲဖြစ်ပွားမည်ကို ကြောက်လန့်နေရခြင်းဖြစ်သည်။

ထို့အပြင် ၂၀၂၀ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ နံနက် ၉ နာရီတွင် လင်းခေးခရိုင် ကျိုင်းတောင်းမြို့နယ် ဟိုဟကျေးရွာအုပ်စု နားကေကျေးရွာတွင် စစ်ရေးလှုပ်ရှားနေသည့် အစိုးရတပ်မတော် မိုင်းကိုင်အခြေစိုက် အမှတ် ၅၁၄ ခြေမြန်တပ်ရင်း အင်းအား ၈၀ ခန့်မှ တောတွင်းလည်ပတ်နေသည့် လုံးဆုတ် နှင့် လုံးစန္ဒာ ဒေသခံ ၂ ဦးအား သေနတ်ဖြင့် ၆ ချက်ပစ်ခတ်ကာ ကံကောင်းထောက်မစွာဖြင့် ၎င်းတို့နှစ်ဦးမှ ဒဏ်ရာရရှိခြင်းမရှိခဲ့ပါ။

အလားတူစွာ ၂၀၂၀ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့တွင်လည်းကျိုင်းတောင်းမြို့နယ် ရပ်ကွက် ၁ တွင် နေထိုင်သည့် ဒေသခံများမှ  ခြံတွင်း စိုက်ပျိုးထားသည့် နှမ်းများကောက်ရိတ်ရန် သွားနေခိုက် လမ်းတွင် အစိုးရတပ်မတော်နှင့် ဆုံတွေ့၍ အစိုးရတပ်မတော်မှ ပြန်လည်မောင်းနှင်ခံခဲ့ရပြီး ဒေသခံများအား လယ်ယာလုပ်ငန်းများ၊ ခြံလုပ်ငန်းများ သွားရောက်လုပ်ကိုင်ခြင်း မပြုလုပ်ရန် တားမြစ်ခဲ့ပါသည်။

Taifreedom 

Facebook

သတင်း