SSPP/SSA တပ်ဖွဲ့၏ ဖမ်းဆီးရိုက်နှက်မှုကြောင့် လားရှိုးနမ့်ပေါင်ဒေသခံတစ်ဦးသေဆုံး

ဒေသတွင်းလှုပ်ရှားသည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့၏ ဖမ်းဆီးရိုက်နှက် ချုပ်နှောင်မှုကြောင့် သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်ဒေသ ကွန်သျှိုးကျေးရွာနေ ဒေသခံအမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

၂၀၂၁ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့၌ ကွန်သျှိုးကျေးရွာနေ လုံးထွန်း အသက် ၄၀ နှစ်ခန့်သည် အရက်သောက်ပြီး အိမ်အပြန်လမ်းတွင် ဒေသတွင်းလှုပ်ရှားနေသည့် SSPP/SSA  တပ်ဖွဲ့နှင့် တိုးမိကာ ၄င်းအား ရိုက်နှက်ဖမ်းဆီးပြီး မန်နားကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

ဖမ်းဆီးသွားသည့် လုံးထွန်းကိုလည်း ၄င်းတို့စခန်းချရာ ကွန်သျှိုးကျေးရွာအုပ်စု မန်နားကျေးရွာ၌ ရက်ရှည်ထိပ်တုံးခတ် ဖမ်းဆီးချုပ်နှောင်ထားပြီး ဖမ်းဆီးခံရစဉ် ၃ ရက်အကြာ သြဂုတ်လ ၁၂ ရက်နေ့ ညနေပိုင်းတွင် ရိုက်နှက်ခံထားရသည့် ဒဏ်ရာဖြင့် သေဆုံးသွားသည်ဟု ဒေသခံများက ဆိုသည်။

ကွယ်လွန်သူလုံးထွန်း၏ ရက်လည်အလှူကို သြဂုတ်လ ၁၉ ရက်နေ့မှာ မိသားစုဝင်များနှင့် ကွန်သျှိုးဒေသခံများ စုပေါင်း၍ သံဃာတော်များပင့်ဖိတ်ဆွမ်းကပ်ရေစက်ချ အမျှပေးဝေခဲ့သည်ဟု သိရှိရသည်။

ဖမ်းဆီးထားစဉ် သေဆုံးရသည့် လုံးထွန်းကိစ္စနှင့်ပတ်သက်ပြီး မိသားစုဝင်များကို SSPP/SSA တာဝန်ရှိသူက ရက်လည်ဆွမ်းအတွက် ငွေကျပ် တစ်သိန်း လျော်ကြေးပေးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး အမည်မဖော်လိုသူ ဒေသခံတစ်ဦးက – လုံးထွန်းက အရက်သမားပေမယ့် သူ့ဇနီးနဲ့သားသမီးတွေကို တစ်ခါမှ ရန်မလုပ်ဖူးဘူး၊ ရွာထဲကလူတွေနဲ့လည်း တည့်အောင်နေတယ်၊ သူ့ကို ဘာအကြောင်းကြောင့် SSPP/SSA ကဖမ်းဆီးသွားတာလဲတော့ မသိဘူး၊ အဲလိုဖမ်းခံရချိန်မှာလဲ ရိုက်နှက်ခံရတယ်၊ နောက်ရက်တော့ ဆုံးသွားပြီတဲ့၊ ဒါမျိုးမဖြစ်သင့်ဘူးလေ၊ သူအရက်မူးလို့ သူများကို ရန်ရှာတယ်ထားဦးတော့ သေလောက်အောင်တော့ မရိုက်သင့်ဘူး၊ ရက်ကြာ ထိပ်တုံးမခတ်သင့်ဘူး၊ သူ့ကိုပြုပြင်ပေးရမှာ အရက်ဖြတ်ပေးရမှာပေါ့၊ ဒါက အသက်သေလောက်တဲ့အထိ ကြီးလေးတဲ့အမှုမှ မဟုတ်တာ ဟု ဆိုသည်။

SSPP/SSA တပ်ဖွဲ့၏ ဖမ်းဆီးရိုက်နှက်မှုကြောင့် လားရှိုးနမ့်ပေါင်ဒေသခံတစ်ဦးသေဆုံး
သျှမ်းမြောက်တစ်နေရာတွင် လှုပ်ရှားနေသည့် SSPP/SSA တပ်ဖွဲ့အား မြင်တွေ့ရစဉ်

လုံးထွန်းမှာ လားရှိုးမြို့နယ် မိုင်းယော်ဒေသ မိုင်းကျက်ကျေးရွာဇာတိဖြစ်ပြီး နမ့်ပေါင်ဒေသ ကွန်သျှိုးကျေးရွာသူနှင့် အိမ်ထောင်ကျကာ ကွန်သျှိုးတွင်အခြေချနေထိုင်ကြောင်း၊ ကွယ်လွန်ချိန်မှာ ဇနီးနှင့် ကလေးတစ်ယောက် ကျန်ရစ်သည်ဟု အဆိုပါဒေသခံက ဆိုသည်။

ထို့ပြင် SSPP/SSA တပ်ဖွဲ့များ မန်နားကျေးရွာတွင် စခန်းချနေစဉ်  သြဂုတ်လ ၉ ရက်နေ့ ညအချိန်တွင် စခန်းချနေထိုင်သည့်အိမ်ရှင်အမျိုးသမီးအား SSPP/SSA တပ်စုမူး လုံးထွဏ်းက သားမယားပြုကျင့်ရန် ကြံစဉ်ခဲ့ပြီး အိမ်ရှင်အမျိုးသမီးက ကြောက်လန့်တကြားအော်ဟစ်အကူအညီတောင်းသောကြောင့် တပ်စုမှူး လုံးထွဏ်းက အိမ်တွင်းမှ ထွက်ပြေးသွားကြောင်း သိရှိရသည်။

လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက – ရွာထဲကို စခန်းလာချ နားတယ် ပြီးတော့ စခန်းချနေတဲ့ အိမ်ရှင်ကိုလဲ မကောင်းကြံတယ်၊ သက်ဆိုင်ရာကို သွားမတိုင်ဖို့ ခြိမ်းခြောက်ထားတယ်တဲ့၊ ဒီသတင်းပြန့်မသွားဖို့ကိုလဲ  ဒေသခံတွေကို အထပ်ထပ် အမိန့်ပေးထားတာ ဟု ဆိုသည်။

အလားတူစွာ သြဂုတ်လ ၂ ရက်နေ့တွင်လည်း သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ် နမ့်လန်မြို့နယ်ခွဲ မန်ကျောင်းကျေးရွာနေ စိုင်းအိုးကို ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့က ဖမ်းဆီးထားစဉ် သေဆုံးသွားပြီး မိသားစုဝင်များကိုလည်း အကြောင်းကြားခြင်း မရှိကြောင်း သိရသည်။

Taifreedom

Facebook

သတင်း