SSPP ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ RCSS တပ်ဖွဲ့အား အဆက်မပြတ်ထိုးစစ်ဆင်တိုက်ခိုက်နေ

သျှမ်းပြည်တပ်မတော်တပ်ဖွဲ့နှစ်ဖွဲ့ အပစ်ရပ်ရန် သျှမ်းပြည်သူလူထုနှင့် သံဃာတော်များ ကြိုးစားတောင်းဆိုနေချိန် သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းလှုပ်ရှားနေသည့် သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်းများကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ်ပူးပေါင်းအဖွဲ့တို့က စစ်အင်အားအလုံးအရင်းဖြင့် အဆက်မပြတ် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

အပစ်ရပ်ရန်အတွက် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့က သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက်ပိုင်း စစ်အင်အားရာချီရှိသည့် SSPP နှင့် TNLA ပူးပေါင်းတပ်ဖွဲ့သည် သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် ပန်ကေတု၊ ဟိုနား၊ ဝမ်ဖွီးကျေးရွာဒေသအနီးတွင် လှုပ်ရှားသည့် သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်းများအားလည်းကောင်း၊ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ် ကျောက်မဲ-သီပေါလမ်းမကြီးတစ်လျှောက် တရုတ်ပြည်သို့ သွယ်တန်းသည့် ဓါတ်ငွေ့ပိုက်လိုင်းရှိသည့်ရာဒေသတစ်လျှောက်တွင်လည်းကောင်း ထိုးစစ်ဆင်တိုက်ခိုက်ရာ နှစ်ဖက်တပ်များ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

SSPP ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ RCSS တပ်ဖွဲ့အား အဆက်မပြတ်ထိုးစစ်ဆင်တိုက်ခိုက်နေ
ကားလမ်းမကြီးတစ်လျှောက်လွတ်လပ်စွာဖြတ်သန်းသွားလာနေသည့် SSPP ဦးဆောင်သော မြောက်ပိုင်းမဟာမိတ်ပူး‌ပေါင်းတပ် စစ်ကြောင်းများ

တိုက်ပွဲကြောင့် ထောင်နှင့်ချီသည့် ဒေသခံများ ကိုရိုနာကပ်ဘေးကြားက ဘေးလွတ်ရာသို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်။

SSPP ဦးဆောင်သည့် မဟာမိတ်ပူး‌ပေါင်းတပ်ဖွဲ့များ စစ်ကားယာဉ်တန်းများဖြင့် လမ်းမတစ်လျှောက် မြို့ရွာများကိုဖြတ်၍ လွတ်လပ်စွာ သွားလာလှုပ်ရှားနေသည်မှာ မဟာမိတ်ပူးပေါင်းတပ်များက အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းကာ သျှမ်းပြည်တပ်မတော် RCSS/SSA အဖွဲ့အား လိုက်လံတိုက်ခိုက်နေခြင်းဖြစ်ကြောင်း ပွင့်လင်းစွာ မြင်တွေ့နေရသည်။

တစ်ဖက်တွင်လည်း ဆိုရှယ်မီဒီယာအွန်လိုင်းပေါ်တွင် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS အဖွဲ့နှင့်ပတ်သက်ပြီး အပုပ်ချသည့် မဟုတ်မမှန်သတင်းအမှား ဖြန့်ဝေမှုများ ရှိနေသည့်အပြင် RCSS ၏ တရားဝင်ပြန်ကြားရေးဌာနဖြစ်သည့် Taifreedom မီဒီယာအမည်ဖြင့် ဖေ့ဘွတ်ခ်ပေ့ချ်စာမျက်နှာအတုများ ပြုလုပ်လာသည်ကို တွေ့ရသောကြောင့် ပြည်သူလူထုအနေဖြင့် သတင်းအစစ်အမှန်ခွဲခြားနိုင်စေရန် အထူးသတိထားစေလိုပါသည်။

Taifreedom

Facebook

သတင်း