SSPP ဖွဲ့ဝင်များမှ ဒေသခံပြည်သူ၏ တိရိစ္ဆာန်များအား လိုက်လှံသတ်ဖြတ်စားသောက်

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြို့နယ်တွင် နေထိုင်ကြသော ဒေသခံများ၏ မွေးမြူရေး တိရိစ္ဆာန်များအား ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)  ဖွဲ့ဝင်များမှ လိုက်လှံပစ်သတ် သတ်ဖြတ်စားသောက်သည့်အပြင် ကျေးလက်ပြည်သူဆေးပေးခန်းအား ဖောက်ထွင်းမွှေနှောက်ပြီး ဆေးများ နှင့် ဆေးဖက်ဆိုင်ရာပစ္စည်းများ ယူဆောင်သွားခဲ့ကြောင်း သတင်းရရှိသည်။

ဤကိစ္စနှင့်ပတ်သက်၍ ၂၀၂၂ ခုနှစ် မတ်လ ၉ ရက်နေ့မှ မတ်လ ၂၀ ရက်နေ့အထိ လဲချားမြို့နယ် နောင်ကော်ကျေးရွာအုပ်စု ကန်းအွန်ကျေးရွာအနီးတွင် အခြေစိုက်ထားသော SSPP တပ်ဖွဲ့ဝင်များသည် ဝမ်ဆန်းကျေးရွာအုပ်စု မတ်ကောက်ကျေးရွာအနီး လယ်ကွင်းတွင် လွှတ်ထားသည့် ဒေသခံများ၏ နွားများအား လိုက်လှံပစ်သတ်ခဲ့ကြောင်း နှင့် SSPP တပ်ဖွဲ့ဝင်များသတ်ဖြတ်သွားသည့် နွားများမှာ  နွားထီး ၁၂ ကောင် နှင့် နွားမ ၅ ကောင် စုစုပေါင်းနွားကောင်ရေ ၁၇ ကောင် သတ်ဖြတ်စားသောက်သည့်အပြင် လဲချားမြို့နယ် ဟဲဆိုင်ကျေးရွာအုပ်စု ဟဲဆိုင်ကျေးရွာ ဒေသခံများ၏ နွားထီး ၄ ကောင် နှင့် နွားမ ၁၂ ကောင်အား သတ်ဖြတ်စားသောက်ခဲ့ကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရပါသည်။

ထို့အပြင် တတ်မောက်ကျေးရွာအုပ်စုမှ နောင်ကော်ကျေးရွာအုပ်စု ဘက်သို့ စစ်ရေးလှုပ်ရှားလာသည့် SSPP တပ်ဖွဲ့ဝင်သည် နောင်ကော်ကျေးရွာအုပ်စု ကန်းအွန်ကျေးရွာသို့ရောက်လာချိန်တွင် ကန်းအွန်ကျေးရွာတွင်းရှိ ကျေးလက်ပြည်သူ ဆေးပေးခန်းသို့ SSPP တပ်ဖွဲ့ဝင်များမှ ဖောက်ထွင်းဖျက်စီးပြီး အဝတ်အစားများ ၊ ဆိုလာကဒ်ပြားများ ၊ ဘက်ထရီများ စသည့်အသုံးအဆောင်ပစ္စည်းများ ယူဆောင် သွားသည့်အပြင် ဆေးပေးခန်းတွင်းရှိ ဆေးများ နှင့် ဆေးဖက်ဆိုင်ရာ အသုံးအဆောင် ပစ္စည်းများ ယူဆောင်သွားခဲ့ကြောင်း သတင်းရရှိသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်ဖွဲ့မှ ဒေသခံပြည်သူများအပေါ် အတင်းအဓမ္မ ဆက်ကြေးကောက်ခံခြင်း ၊ မွေးမြူရေးတိရိစ္ဆာန်များအား သတ်ဖြတ် စားသောက်ခြင်း စသည့် လုပ်ရပ်များသည် ၁၉၉၆ ခုနှစ် နှင့် ၁၉၉၇ ခုနှစ်အထိ တပ်မတော်မှ ကျင့်သုံးခဲ့သည့် ဖြတ်လေးဖြတ်နှင့် အလားတူ ကျင့်သုံးနေခြင်းဖြစ်ပါသည်။

Taifreedom