RCSS/SSA နှင့် SAC တို့ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေး

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) တို့​၏ ဒုတိယအကြိမ်မြောက် ငြိမ်းချမ်းရေး ဆိုင်ရာဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့နံနက် ၁၀:၀၀ နာရီ အချိန်တွင် နေပြည်တော် ဘုရင့်နောင်ခန်းမကြီး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ဗိုလ်ချုပ်ကြီး ယွက်စစ်ဦးဆောင်သော RCSS/SSA ကိုယ်စားလှယ်ကြီးများနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ စုံစုံညီညီတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဆွေးနွေးပွဲတွင် ပထမအကြိမ်ပဏာမဆွေးနွေးပွဲမှ နှစ်ဦးနှစ်ဖက်အမြင်ချင်းဖလှယ် ခဲ့ကြသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ နိုင်ငံရေးကိုငြိမ်းချမ်းစွာ ဖြေရှင်းရေး၊ လက်ရှိနိုင်ငံရေး အကြပ်အတည်းကို လက်တွဲဖြေရှင်းရေး၊ ပါတီစုံဒီမိုကရေစီစနစ်တည်ဆောက်ရေး၊ စစ်ဘေးရှောင်ပြည်သူများအား ကယ်ဆယ်နေရာချထားရေး နှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များကို အဓိကထား ဆွေးနွေးသွားကြကြောင်းသိရသည်။

ဆွေးနွေးပွဲအတွက် RCSS ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့ မွန်းလွှဲပိုင်းတွင် သျှမ်းပြည် အရှေ့ပိုင်းတာချီလိတ်မြို့နယ်မှ နေပြည်တော်သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

လက်ရှိနိုင်ငံရေးအကြပ်အတည်းများကို တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာဖြေရှင်းခြင်းသည် အသင့်လျော်ဆုံးနည်းလမ်းဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးရာတွင်လည်း တစ်ဦးနှင့်တစ်ဦး တစ်ဘက်နှင့်တစ်ဘက် အပြန်အလှန်ယုံကြည်မှုတည်ဆောက်ရေးသည်လည်း အထူးအရေးပါပြီး မရှိမဖြစ်လိုအပ်ကြောင်း တွေ့ဆုံဆွေးနွေးပွဲနှင့်ပတ်သက်၍ ထုတ်ပြန်ကြေငြာထားကြောင်း သတင်းရရှိပါသည်။

Taifreedom