RCSS/SSA အဖွဲ့မှ ထွက်ပြေးလာသည့် သင်တန်းသား ၂၀ ဦးကို UWSA တပ်ဖွဲ့မှ ယာယီထိန်းသိမ်းထားရှိပြီး အစိုးရတပ်မတော်ထံသို့ လာရောက်အပ်နှံဆိုသည့် ထုတ်ပြန်ချက်မမှန်ကန်

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA အဖွဲ့မှ ထွက်ပြေးလာသည့် သင်တန်းသား ၂၀ ဦးကို UWSA တပ်ဖွဲ့မှ ယာယီထိန်းသိမ်းထားရှိပြီး အစိုးရတပ်မတော်ထံသို့ လာရောက်အပ်နှံခဲ့သည်ဆိုသည့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်မှာ တပ်မတော်ဖက်မှ သတင်းတုပြုလုပ်ဖြန့်ဝေခြင်းသာဖြစ်သည်။

၂၀၂၀ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့တွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ဝက်ဆိုဒ် ( Website) စာမျက်နှာပေါ်တွင် RCSS/SSA အဖွဲ့မှ ထွက်ပြေးလာသည့် သင်တန်းသား ၂၀ ဦးကို UWSA တပ်ဖွဲ့မှ ယာယီထိန်းသိမ်းထားရှိပြီး အစိုးရတပ်မတော်ထံသို့ လာရောက်အပ်နှံဆိုသည့်ခေါင်းစဥ်ဖြင့် လွယ်တိုင်းလျဲန်းတွင် တပ်သားသစ် သင်တန်းတက်ရောက်နေရသူများအနက်မှ သင်တန်းသား ၂၀ ဦးခန့်သည် အဖွဲ့လိုက်ခွဲ၍ ထွက်ပြေးလာခဲ့စဥ် တပ်ဖာလိုင်ဒေသတွင် UWSA တပ်ဖွဲ့က ယာယီထိန်းသိမ်းထားရှိပြီး ဇူလိုင်လ ၂၃ ရက်နေ့ ညပိုင်းတွင် တာချီလိတ်မြို့ရှိ အစိုးရနယ်မြေခံတပ်သို့ လာရောက်အပ်နှံခဲ့သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုန်ပြန်ခဲ့သည်။

ဒီကိစ္စနှင့် ပတ်သတ်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်သည် မှန်ကန်မှုမရှိကြောင်း ၊ ၎င်းထုတ်ပြန်ချက်သည် RCSS/SSA နှင့်  UWSA တို့အကြား ယုံကြည်မှုပျက်ပြားစေပြီး တစ်ဖက်နှင့်တစ်ဖက် အထင်လွဲမှားမှုတွေဖြစ်ပေါ်လာအောင် ဆိုသည့်ရည်ရွယ်ချက်ဖြင့် သတင်းတုပြုလုပ်ဖြန့်ဝေခြင်းဖြစ်ကြောင်း ၊ မိဘပြည်သူများမှ RCSS/SSA အပေါ် အထင်အမြင်လွဲမှားစေရန် ပြုလုပ်ခြင်းဖြစ်ကြောင်း ၊  RCSS/SSA အနေဖြင့် မူးယစ်ဆေးဝါးအကြောင်းပြ၍ ပြည်သူလူထုများအား အတင်းခေါ်ဆောင်ခြင်းမရှိကြောင်း ၊ လာမည် သြဂုတ်လအတွင်း ပြုလုပ်ကျင်းပမည့် UPDJC အစည်းအဝေးနှင့် စတုတ္ထကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံအစည်းအဝေး ကျင်းပနိုင်ရန်အတွက် အဖက်ဖက်မှ ကြိုးစားအားထုတ် တွေ့ဆုံဆွေးနွေးညှိနှိုင်းနေသည့် အချိန်ကာလဖြစ်သောကြောင့် တွေ့ဆုံဆွေးနွေးမှုတွေ ပျက်စီးစေရန် သတင်းတုဖြန့်ဝေခြင်းသာဖြစ်သည်။

မြန်မာ့တပ်မတော်တပ်ဖွဲ့သည် RCSS/SSA ၏ ကျန်းမားရေးဆိုင်ရာလုပ်ငန်းများ ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းများအပေါ် နည်းအမျိုးမျိုးဖြင့် လိုက်လှံနှောက်ယှက်နေခြင်းဖြစ်ပြီး တပ်မတော်တပ်ဖွဲ့မှ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ အပိုင်း ၃ အခန်း ၃ အပိုဒ် ၈ (ခ) တစ်ဖက်အဖွဲ့အစည်းထိန်းချုပ်နယ်မြေတွင်း လက်နက်ကိုင်ဆောင်သွားလာမှုရှိပါက နှစ်ဖက်ညှိနှိုင်းသဘောတူညီချက်ဖြင့် သွားလာရန် ဆိုသည့်အချက် နှင့် အပိုင်း ၃ အခန်း ၄ အပုဒ်  ၉ (ကမှ ထ အထိ) တွင်ပါရှိသည့် အရပ်သားများကို အကာအကွယ်ပေးခြင်း ဆိုသည့်အချက်အား မကြာခဏ ချိုးဖောက်မှုတွေ ပြုလုပ်နေသောကြောင့် သျှမ်းပြည်မြောက်ပိုင်းတွင် ၂၀၂၀ ခုနှစ် ဇူလိုင်လအတွင်း RCSS/SSAတပ်ဖွဲ့နှင့်  တပ်မတော်တပ်ဖွဲ့တို့အကြား ကြိမ်ပေါင်း ၂၀ ကျော် ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ရကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း