RCSS/SSA မှ ပင်လုံမြို့နယ်တွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့နယ်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA နယ်မြေခံတပ်ရင်းများမှ မူးယစ်ဆေးဝါးရောင်းဝယ်သူနှင့်အတူ သက်သေခံမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ RCSS/SSA နယ်မြေခံတပ်ရင်းများမှ လွိုင်လင်ခရိုင် ပင်လုံမြို့နယ် တန့်အယ်ကျေးရွာအုပ်စု ပန်ခုတ်ကျေးရွာတွင် သွားရောက်စစ်ဆေးရာ စိုင်းထွန်း အသက် ၂၈ နှစ်အား သက်သေခံမူးယစ်ဆေးဝါးများဖြစ်သည့် WY အမှတ်တံဆိပ် စိတ်ကြွဆေးပြား ၁၄၀၀ ပြား ၊ ဘိန်းစိမ်း ၇၀ ကျပ်သား ၊ မူးယစ်ဆေးဝါး ပတ်သက်ငွေ ၃ သိန်း ၇ သောင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ မူးယစ်ဆေးဝါးရောင်းဝယ်သူအား RCSS/SSA မှ ထိန်းချုပ်ထားပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေး‌ကောင်စီ RCSS ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးပေါ်လစီနှင့်အညီ မူးယစ်ဆေးဝါးရောင်းဝယ်သူများအား အရေးယူခြင်း ၊ဆေးကုသပေးခြင်း ၊ မူးယစ်ဆေးဝါးဖြတ်ပေးခြင်းနှင့် အကျင့်စာရိတ္တပြုပြင်ပေးခြင်းစသည့် လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မေလ ၂၄ ရက်နေ့တွင်လည်း ဒေသခံပြည်သူ၏ သတင်းပေးပို့ချက်အရ RCSS/SSA နယ်မြေခံတပ်ရင်းမှ သီပေါမြို့နယ် နမ့်လန်မြို့နယ်ခွဲတွင်းရှိ ကျေးရွာအုပ်စုများ သွားရောက်စစ်ဆေးရာ  မူးယစ်ဆေးဝါးရောင်းဝယ်သူ ၇ အား WY အမှတ်တံဆိပ် စိတ်ကြွဆေးပြား ၆၁၄ ပြား ၊ မူးယစ်‌ဆေးဝါးနှင့် ပတ်သက်‌ငွေ ၁၀ သိန်း၊ လက်ကိုင်ဖုန်း ၆ လုံးတို့နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။

Taifreedom

Facebook

သတင်း