RCSS/SSA နှင့် တပ်မ‌တော်တို့ တိုက်ပွဲ ဆက်တိုက်ဖြစ်ပွား

သျှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ် ၊ မိုင်းနောင်မြို့နယ် နှင့် မိုင်းကိုင်မြို့နယ် စသည့်မြို့နယ်တွင်းတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် တပ်မတော်တို့ တိုက်ပွဲဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် တပ်မတော် အမှတ် ၂၄၆ ခြေမြန်တပ်ရင်း အင်အား ၈၀ ခန့်သည် ကျေးသီးမြို့နယ် နောင်ဆွမ်းကျေးရွာအုပ်စု လွယ်ဟွန်းတောင်ပေါ်ရှိ RCSS/SSA တပ်စခန်းအား ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ညနေ ၅ နာရီအချိန်ထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၎င်းတိုက်ပွဲအပြင် သျှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နယ် မိုင်းနန်းကျေးရွာအုပ်စုတွင်လည်း  ဒေသတွင်း စီစစ်ရေးပြုလုပ်နေသည့် RCSS/SSA တပ်ရင်းများနှင် တပ်မတော်တို့ ထိပ်တိုက်တွေ့ဆုံကာ တိုက်ပွဲဖြစ်ပွားခဲ့ရကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၂ ရက်နေ့ နံနက် ၆ နာရီခန့်တွင်လည်း မိုင်းကောင် နှင့် ကျေးသီးမြို့နယ် နောင်သွမ်းကျေးရွာအုပ်စု အကြား RCSS/SSA နှင့် တပ်မတော်တို့ တိုက်ပွဲထပ်မံဖြစ်ပွားပြီး မွန်းလွဲ ၁ နာရီခွဲခန့်တွင် မိုင်းနောင်မြို့နယ် မိုင်းနန်းကျေးရွာအုပ်စု နောင်တောင်းကျေးရွာ၏ တောင်ဘက်အရပ်တွင် RCSS/SSA နှင့် တပ်မတော်တို့ ထိပ်တိုက်တွေ့ဆုံကာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ခုနှစ် မတ်လ ၃ရက်နေ့ နေ့လည်ပိုင်းခန့်တွင်လည်း သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းငိုင်း‌ကျေးရွာအုပ်စု ဝမ်ဟိုင်းငင်းကျေးရွာ အနီးတွင်လည်း RCSS/SSA နှင့် တပ်မတော်တို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

Taifreedom

Facebook

သတင်း