RCSS/SSA နှင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA) နှင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့၏ ဒုတိယနေ့တွေ့ဆုံဆွေးနွေးပွဲအား ယနေ့နံနက်ပိုင်းတွင် ပြုလုပ်သွားခဲ့ကြောင်း သတင်းရရှိသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲကို နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့ပြီး RCSS ဖက်မှ RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ RCSS အတွင်းရေးမှူး-၁ ဗိုလ်မှူးကြီး စိုင်းငင်း နှင့် RCSS ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဗိုလ်မှူးကြီး ဆောင်းဟန်တို့ တက်ရောက်ခဲ့ကြပြီး ငြိမ်းချမ်း‌ရေးဆွေးနွေးရေးအဖွဲ့မှ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း‌‌ရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး မင်းနောင်းတို့မှ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင်းတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁/၂/၃) ပါ သဘောတူညီချက်များနှင့် ပတ်သက်၍လည်းကောင်း၊ အစိတ်အပိုင်း(၃)မှ ဆက်လက်ဆွေးနွေးရန် ကျန်ရှိသည့် ဇယား-၂ ပါ ဆွေးနွေးရန်အချက်များနှင့် ပတ်သက်၍လည်းကောင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဝင် ဒုဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်မှ ရှင်းလင်းတင်ပြခဲ့ပြီး RCSS အဖွဲ့မှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပါသည်။

ထိုနောက် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ အထွေထွေကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပြီး ၃ ရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ သဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့မှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။

ယနေ့ညပိုင်းအချိန်တွင် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့မှ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် အဖွဲ့ဝင်များအား ဂုဏ်ပြု ညစာစားပွဲပြုလုပ် ကျင်းပမည်ဖြစ်ကြောင်း သိရှိရပါသည်။

Taifreedom